ကင်းတားရေလှောင်တမံ လက်ဝဲမြောင်းမကြီးမှ မိုးစပါးစိုက်ပျိုးရေ စတင်ပေးဝေ စိုက်ပျိုးမြေဧက ၅၂၀၇၀ အကျိုးပြုမည်
ဝမ်းတွင်း ဇူလိုင်
၁၅
မန္တလေးတိုင်းဒေသကြီး
ဝမ်းတွင်းမြို့နယ်ရှိ ကင်းတားရေလှောင်တမံ လက်ဝဲမြောင်းမကြီးမှ ဝမ်းတွင်း၊ မြစ်သားနှင့်
တံတားဦးမြို့နယ်တို့ရှိ စိုက်ပျိုးမြေဧက ၅၂၀၇၀ အတွက် မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးရေကို
ဇူလိုင် ၁၅ ရက်မှ စတင်ပေးဝေလျက်ရှိသည်။
ကင်းတားလက်ဝဲမြောင်း
ပေတိုင်-၁၃၄၂၀၀ ရှိ စမုံရေငုပ်ပြွန်မှာ ယခင်က ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သဖြင့်
စိုက်ပျိုးရေပေးဝေမှုများ ရပ်တန့်ခဲ့ရပြီး ၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်
ယာယီရေသွယ်လျောက်နှင့် ယာယီရေပေးမြောင်းများဆောက်လုပ်ကာ နွေစပါးနှင့် နွေသီးနှံ စိုက်ဧက
၂၁၀၀၀ ကို ဆည်ရေဖြင့် ပေးဝေနိုင်ခဲ့သည်။
ရာနှုန်းပြည့်ပြီးစီး
မိုးစပါးနှင့် မိုးသီးနှံများကို
အချိန်မီစိုက်ပျိုးရေပေးဝေနိုင်ရန် စမုံရေငုပ်ပြွန် အသစ်ပြန်လည် တည်ဆောက်ခြင်းနှင့်
တူးမြောင်းအသစ်မြေဖို့လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပမာဏ ၄၅ ရာခိုင်နှုန်းနှင့်
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျန်ရှိသည့် ၅၅ ရာခိုင်နှုန်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ
အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင်လပထမပတ်တွင် လုပ်ငန်းများအားလုံး
ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်မြင့်အောင်က ပြောသည်။
စမုံရေငုပ်ပြွန်အောက်ပိုင်းရှိ
စိုက်ပျိုးမြေများအတွက် ဆည်ရေကို ဇူလိုင် ၁၁ ရက်တွင် စမ်းသပ်လွှတ်ခဲ့ပြီး စမ်းသပ်မှုအောင်မြင်သဖြင့်
ဇူလိုင် ၁၅ ရက်မှစတင်၍ မိုးစပါးစိုက်ပျိုးရေကို အပြည့်အဝပေးဝေလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments