ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် (၈) ကြိမ်မြောက် ဟေလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးညီလာခံ တက်ရောက်




နေပြည်တော် ဇူလိုင် ၁၁

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနနှင့် ကျီးရှီးမြူနီစီပယ်အစိုးရတို့၏ ဖိတ်ကြားချက်အရ ဇူလိုင် ၈ ရက်နှင့် ၉ ရက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ကျီးရှီးမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် ဟေလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ညီလာခံသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် အဖွဲ့ ပါဝင်တက်ရောက်ကြသည်။


ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျီးရှီးမြို့ မြို့တော်ဧည့်ခံရေးစင်တာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူး မစ္စတာရွှီချင်း (Xu Qin) နှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနှင့် ဟေလုံကျန်းကိုယ်စားလှယ်အဖွဲ့တို့အကြား ယခင်က ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲရလဒ်များကို မြန်မာနိုင်ငံအနေဖြင့် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ထင်ရှားကျော်ကြားသော ဟာဘင်ရေခဲနှင့် ဆီးနှင်းကမ္ဘာ (Harbin Ice and Snow World) သည် မြန်မာပြည်သူများအကြား အထူးရေပန်းစား လူကြိုက်များလျက်ရှိသည့်အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာကဏ္ဍအသီးသီးနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိလာစေရန် မိတ်ဆက်ကြော်ငြာ ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဆက်တည်းအနေဖြင့် တရုတ်နိုင်ငံမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် ရေခဲပွဲတော်တွင် မြန်မာနိုင်ငံ၏ အထင်ကရအထိမ်းအမှတ် (Landmark) တစ်ခုအား ရေခဲပုံထုဆစ်ပြသပေးပါရန် ကြိုတင်အဆိုပြုထားမှုအပေါ် တရုတ်-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုထင်ဟပ်ပေါ်လွင်စေရန်အတွက် မြန်မာနိုင်ငံ၏ အထင်ကရအထိမ်းအမှတ်တစ်ခုအား ရေခဲပုံထုဆစ်ပြသသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။


တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး ရွှီချင်း (Xu Qin) က ဟေလုံကျန်းပြည်နယ်၏ ထူးခြားဆန်းသစ်သော ရေခဲပြင်နှင့် ဆီးနှင်းရှုခင်းများ၊ မြန်မာနိုင်ငံ၏ လှပသော အပူပိုင်းဒေသရှုခင်းများကို အခြေခံ၍ ရေခဲပြင်၊ ဆီးနှင်းနှင့် အပူပိုင်းဒေသ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံလူငယ်များအကြား လူငယ်လေ့လာ ရေးခရီးစဉ်များ ဖော်ဆောင်ရေးအပါအဝင် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံ၏ သတင်းမီဒီယာများဖြစ်သည့် ဟေလုံကျန်းနေ့စဉ် သတင်းဌာနနှင့် ဟေလုံကျန်းရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားသည်။


ညနေပိုင်းတွင် ကျီးရှီးမြို့ ကွန်ဗန်းရှင်းစင်တာ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ဟေလုံကျန်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးညီလာခံသို့ တက်ရောက်အမှာစကားပြောကြားသည်။


ဇူလိုင် ၉ ရက်တွင် ကျီးရှီးမြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပေ့တာဟွမ် (Beidahuang) လက်ရေးလှစာ အနုပညာပြခန်း၊ မီဆန်းမြို့ (Mishan) ရှိ အာရှတိုက်တွင် အကြီးဆုံးရေချိုနယ်စပ်ကန်ကြီးဖြစ်သည့် ရှင့်ခိုင်ရေကန် (Xingkai Lake) ရှုမျှော်စင်၊ ပိုင်ယွီဝမ်မြို့နယ် (Baiyuwan) ရှိ ဟူရန်ကျေးရွာ (Huran) ဒေသခံတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ကျေးလက်ခရီးသွားလုပ်ငန်းတို့ကို သွားရောက်လေ့လာကြသည်။


ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ကျီးရှီးမြို့ ကျီးရှီးရေခဲပြင်အားကစားကွင်းရှိ ရေခဲပြင်နှင့် ဆီးနှင်းအားကစားကို အခြေခံသည့် အားကစားခရီးသွားလုပ်ငန်း (Sports Tourism) ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဟေလုံကျန်းပြည်နယ်၏ ထူးခြားဆန်းသစ်သော ရာသီအလိုက် သဘာဝရှုခင်းများနှင့် ရေခဲပြင်၊ ဆီးနှင်းယဉ်ကျေးမှုဆိုင်ရာ အနုပညာပြကွက်များကို ခေတ်မီနည်းပညာ များဖြင့် ပေါင်းစပ်ခင်းကျင်းပြသထားသော ဟာဘင်မြို့ Dream Ice and Snow Pavilion ရေခဲပြတိုက်တို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.