ဒုတိယဝန်ကြီး ဦးမျိုးမြင့် ပြည်သူ့ဆေးရုံနှင့် မြန်မာ့စီးပွားရေးဘဏ် ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဖလမ်းမြို့ ဖါရ်ထောက် ရပ်ကွက်၌ ယာယီပြည်သူ့ဆေးရုံ ပြင်ဆင်စီမံထားရှိမှု၊ Mobile ခွဲစိတ်ခန်းတပ်ဆင်ထားရှိမှု၊ ရေရရှိမှု၊ မီးရရှိမှု၊ ဆေးရုံထပ်မံတိုးချဲ့နိုင်မည့်အခြေအနေ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများရရှိမှု၊ ဆေးကုသပေးနေမှုနှင့် ဆေးစတိုအတွင်း ဆေးဝါးများ သိုလှောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွက် လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများကို နိုင်ငံတော်က အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဆေးကုသမှုခံယူနေသည့် ပြင်ပလူနာများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ပြည်သူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး ဆေးရုံအုပ်ကြီးထံ ဆေးရုံအတွက် လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများ ပေးအပ်သည်။
အဆိုပါ ယာယီပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း ၈၄ ဦးတို့က ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ လူနာပေါင်း ၁၄၂၄ ဦးအား ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်၍ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၂၈၅ ဦးဖြင့် လူနာပေါင်း ၁၃၆၇၇ ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်သည်။
ယင်းနောက် ဖလမ်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဖွင့်လှစ်ထားသည့် မြန်မာ့စီးပွားရေး ဘဏ်ခွဲ (ဖလမ်းမြို့)တွင် ပြည်သူများအား ဘဏ်ဝန်ဆောင်မှုပေးနေမှုနှင့် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ၊ အုပ်စု/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments