ပြင်သစ်နိုင်ငံ၌ ပြင်းထန်သောအပူလှိုင်းကြောင့် ရေနစ်သေဆုံးမှုများ မြင့်တက်လာ



ဇူလိုင် ၁၃

ပြင်သစ်နိုင်ငံတွင် ပြင်းထန်သော အပူလှိုင်းဒဏ်ကြောင့် အပူရှောင်ရန် ရေကူးသွားသူများ ပိုမိုများပြားလာရာမှ ရေနစ်သေဆုံးမှုများလည်း မြင့်တက်လာကြောင်း အာဏာပိုင်များက ပြောကြားသည်။

အပူဒဏ်ပြင်းထန်လာခြင်းကြောင့် ခရီးသွားနေရာများနှင့် ပွဲစီစဉ်သူများက ခရီးသွားများ၏ ဘေးကင်းလုံခြုံရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အချို့ကို လျှော့ချ သို့မဟုတ် ကန့်သတ် လုပ်ဆောင်နေရသည်ဟု သိရသည်။

ဇွန်လ ၁၉ ရက်နေ့မှစ၍ မြစ်များ သို့မဟုတ် အခြားရေပြင်များတွင် ရေနစ်သေဆုံးသူ  ၁၃၉ ဦး ရှိိလာကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

အီဖယ်မျှော်စင်၊ လူဗ်ပြတိုက်နှင့် အခြား အများပြည်သူအသုံးပြုသည့် နေရာများသည် ပုံမှန်ထက် စောစီးစွာ ပိတ်သိမ်းလျက်ရှိသည်။ ဒေသအများအပြားတွင် ယမန်နေ့က အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်ခဲ့ပြီး အနောက်တောင်ပိုင်းရှိ Pissos မြို့တွင် ၄၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

အပူချိန် မြင့်တက်လာမှုကြောင့် ကမ္ဘာ့အထင်ကရ စက်ဘီးပြိုင်ပွဲဖြစ်သည့် Tour de France တွင် ပြိုင်ပွဲအဆင့်တစ်ခု၏ လမ်းကြောင်းကို ၃၀ ကီလိုမီတာ လျှော့ချခဲ့ရသည်ဟု သိရသည်။

ယင်းကဲ့သို့ ပြိုင်ပွဲလမ်းကြောင်းကို အပူဒဏ်ကြောင့် လျှော့ချရခြင်းမှာ Tour de France ပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟု အေအက်ဖ်ပီသတင်းဌာနက ဆိုသည်။

ပြင်သစ်မိုးလေဝသအာဏာပိုင်များကလည်း အပူရှပ်ခြင်းအန္တရာယ်နှင့် ပတ်သက်သည့် သတိပေး ချက်များကို ထပ်မံထုတ်ပြန်ထားပြီး အပူချိန်မြင့်တက်မှုသည် ယခုသီတင်းပတ် အလယ်ပိုင်းအထိ ဆက်လက်ဖြစ်ပေါ်မည်ဟု ပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.