၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်လေး “ရနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ
နေပြည်တော် ဇူလိုင် ၂၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့ သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။
ဆင်ဖြူတော်လေး၏ ဘွဲ့နာမတော်မှာ “ရနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ရှစ် ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခု စီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ခုနစ်ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။
အထက်ပါ ဆင်ဖြူတော်လေး “ရနန္ဒက” မှာ ယခုအသက် ၄ နှစ်သားအရွယ်တွင် အရပ်အမြင့် ၅ ပေ ၆ လက်မ ၊ ကိုယ်လုံးလုံးပတ် ၈ ပေ ၂ လက်မ ၊ ကိုယ်အလေးချိန် ၁၇၇၅ ပေါင်ရှိလာပြီး ရတနာ ဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရနန္ဒက”မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူ တော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments