ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်းဆေးကုသ
ပြင်ဦးလွင် ဇူလိုင် ၂၃
ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ
ဆေးရုံအုပ်ကြီး ဒေါ်သင်းသင်းအိ ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့်
ကျန်းမာရေးဝန်ထမ်းများသည် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ
ပတ္တမြားခန်းမဆောင်၌ ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးသည်။
နယ်လှည့်ကွင်းဆင်းဆေးကုသရေးအဖွဲ့သည်
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်မိသားစုဝင်များ၊
သင်တန်းသား သင်တန်းသူများအား အထွေထွေရောဂါ၊ ကလေးလူနာများ၊ ခွဲစိတ်လူနာများ၊ အကြောအဆစ်ရောဂါ၊
ကိုယ်ဝန်ဆောင်မိခင်များနှင့် သားဖွားမီးယပ်လူနာများ၊ အရိုးနှင့် ထိခိုက်ဒဏ်ရာရလူနာများ၊
သွားနှင့်ခံတွင်းရောဂါများကို စမ်းသပ်စစ်ဆေးကုသပေးပြီး မျက်စိလူနာများအား စမ်းသပ်ကုသပေးခြင်း၊
မျက်မှန်အခမဲ့စမ်းသပ်လှူဒါန်းခြင်း၊ Ultrasound အခမဲ့ရိုက်ကူးပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊
ဓာတ်ခွဲအခမဲ့စစ်ဆေးပေးခြင်း၊ ECG အခမဲ့ဆွဲပေးခြင်း၊ ဆေးဝါးအခမဲ့ ထုတ်ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းနှင့်
ကျန်းမာရေးပညာပေးခြင်းတို့ ဆောင်ရွက်ကြရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)
ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments