အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ



 နေပြည်တော် ဇူလိုင် ၂၁

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့် အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလုပ်သမားဝန်ကြီးဌာနသည် မြန်မာလုပ်သားထု၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ရရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်လည်း ထည့်သွင်းပြောကြားသည်။

 

ယမန်နေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(ပုသိမ်)၌ လူငယ်များအလုပ်အကိုင်တိုးတက် ရရှိစေရေး၊ လုပ်သားများလုပ်ငန်းကျွမ်းကျင်မှု ရရှိစေရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် မော်တာထိန်းချုပ်မောင်းနှင်ခြင်းဆိုင်ရာ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ အရာထမ်း များနှင့်လည်းကောင်း၊ ပုသိမ်မြို့ Dong Long Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့် လည်းကောင်း သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားပြီး အဆိုပါစက်ရုံ၌ လူမှုဖူလုံရေးအဖွဲ့က အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက် ကွင်းဆင်းဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.