ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖလမ်းမြို့ စည်ပင်သာယာဈေးနှင့် ဆူရ်ဘုန်လေဆိပ် သွားရောက်ကြည့်ရှု
နေပြည်တော် ဇူလိုင် ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊
ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ
ဇူလိုင် ၃ ရက်က ဖလမ်းမြို့နယ် စည်ပင်သာယာဈေး၌ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို
သွားရောက်ကြည့်ရှုပြီး ဈေးပတ်ဝန်းကျင်နှင့် ဈေးအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး၊
ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ဖြစ်စေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာသူများအား
စိစစ်လက်ခံမှု အခြေအနေကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ဖလမ်း-ရိဒ် လမ်းပိုင်းအခြေအနေကို
ကြည့်ရှုစစ်ဆေးပြီး အကြမ်းဖက်ဖြစ်စဉ် များကြောင့် ပျက်စီးခဲ့သော လမ်း၊ တံတားများကို
ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ
ဆောင်ရွက်ရန်၊ မိုးရာသီတွင် လမ်း၊ တံတားများပေါ်တွင် ရေမတင်စေရေး အလေးထား ဆောင်ရွက်ရန်၊
မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုများ မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြိုတင်စုဖွဲ့၍
စီမံဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဆူရ်ဘုန်လေဆိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ
၆၀၀၀ တွင်တည်ရှိပြီး လေယာဉ်ပြေး လမ်းအရှည် ပေ ၆၀၀၀ ရှိသည်။ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆
ရက်တွင် BEECH လေယာဉ်ဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်တွင်
ATR-72-600 လေယာဉ်ဖြင့် လည်းကောင်း အောင်မြင်စွာ စမ်းသပ်ဆင်းသက်နိုင်ခဲ့သည်။ ယခုလက်ရှိ
အခြေအနေတွင် လေယာဉ် ပြေးလမ်း၏ မျက်နှာပြင်အခြေအနေသည် ကောင်းမွန်လျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့
အစည်းများကြောင့် လေယာဉ်ပြေးလမ်းပေါ်ရှိ မီးများ၊ လေကြောင်း လုံခြုံရေးဆိုင်ရာစက်ပစ္စည်းများ၊
လေကြောင်းဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများ၊ လေကြောင်းလမ်းညွှန်ဆိုင်ရာ စက်ပစ္စည်းများမှာ
ပျက်စီးလျက်ရှိပြီး လေဆိပ်အဆောက်အအုံ၊ လေကြောင်းထိန်း မျှော်စင်အဆောက်အအုံ၊ မီးသတ်အဆောက်အအုံ၊
DVOR အဆောက်အုံတို့မှာလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးလျက်ရှိသည်။
အဆိုပါ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက်
သွားလာရေး အဆင်ပြေနိုင်မည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက်
လိုအပ်သော ပစ္စည်းများကို လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments