မင်းဘူး(စကု)မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်

 



မင်းဘူး ဇူလိုင် ၅


မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဇူလိုင် ၄ ရက်က ထုံးမကြီး ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းနှင့် ဧရာဝတီမြစ်ကမ်းဘေးတို့၌ ဆောင်ရွက်သည်။


ဦးစွာ မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အမှာစကားပြော ကြားသည်။


ဆက်လက်ပြီး မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးဆောင်ပြီး ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်း အဖွဲ့အစည်းများမှ ပူးပေါင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးအဖွဲ့များခွဲပြီး ကျေးရွာအတွင်း သဘာဝဘေးအန္တရာယ် ရေဘေးနှင့်ပတ်သက်ပြီး ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြရန် Hand Speaker ဖြင့် အသိပေး လှည့်လည် နှိုးဆော်ခြင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ယာယီကယ်ဆယ်ရေး စခန်းပြုလုပ်ရာ ခိုလုံရာအဆောက်အအုံဓမ္မာရုံသို့ ဦးစွာကူညီပြောင်းရွှေ့ပေးခဲ့ကြသည်။


ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်ပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက စက်လှေတစ်စင်း၊ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် ဧရာဝတီမြစ်အတွင်း ရေပြင်ရှာဖွေ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရှေးဦးသူနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ စနစ်တကျ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

No comments

Powered by Blogger.