အာဂျင်တီးနားနိုင်ငံ ဆန်ဂျူအန်ပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ခုနစ်ဦး သေဆုံး



ဇူလိုင် ၃၀

အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်း ဆန်ဂျူအန်ပြည်နယ်တွင် ရဟတ်ယာဉ်တစ်စင်း ယမန်နေ့က ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူခုနစ်ဦးစလုံး သေဆုံးခဲ့သည်။

အဆိုပါ Bell 412  ရဟတ်ယာဉ်သည်  ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၆ မိနစ်ခန့်တွင် မြေပြင်ထိန်းချုပ်ရေးဌာနနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု သိရသည်။

ထိုရဟတ်ယာဉ်ကို အာဂျင်တီးနား၏ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ငှားရမ်း အသုံးပြုထားခြင်းဖြစ်ပြီး ဆန်ဂျူအန်ပြည်နယ်တွင် လေ့ကျင့်ရေးအစီအစဉ် ပြီးဆုံးပြီးနောက် လာရီယိုဂျာပြည်နယ်သို့ ထွက်ခွာကာ တောမီးငြှိမ်းသတ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားခဲ့သည်ဟု သိရသည်။

နောက်ထပ်ရဟတ်ယာဉ်တစ်စင်းကို စေလွှတ်ခဲ့ရာ အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် ပြည်နယ်၏ အရပ်ဘက်ကာကွယ်ရေးညွှန်ကြားရေးမှူး၊ မီးသတ်ဦးစီးချုပ်နှင့် ဒုတိယရဲချုပ်အပါအဝင် လေယာဉ်ပေါ်ပါ ခုနစ်ဦးစလုံး သေဆုံးသွားကြောင်း ဆန်ဂျူအန်ပြည်နယ် အုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.