ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ ညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော် ဇူလိုင် ၁၄


ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး၊ ခရိုင်တရားရုံးများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။


အစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများနှင့် ခရိုင်တရားသူကြီးများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်က မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်တရားရုံးအဆင့်ဆင့်တို့တွင် ရာဇဝတ်အမှုစုစုပေါင်း စာရင်းဖွင့်လက်ကျန် ၂၀၆၂၃ မှု၊ လက်ခံရရှိမှု ၁၄၀၂၉၃ မှုဖြစ်ပြီး ၁၄၁၆၀၁ မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ ၁၉၃၁၅ မှု ကျန်ရှိကြောင်း၊ တရားမအမှုစုစုပေါင်း စာရင်းဖွင့်လက်ကျန် ၂၄၇၄၉ မှု၊ လက်ခံရရှိမှု ၁၇၇၀၂ မှုဖြစ်ပြီး ၁၈၂၃၁ မှုစစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲအမှု ၂၄၂၂၀ ကျန်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုတင်ပို့သည့်အမှုပေါင်း ၁၅၇၉၉၅ မှု လက်ခံရရှိပြီး ၁၅၉၈၃၂ မှု စစ်ဆေးပြီးပြတ်သဖြင့် အမှုပြီးပြတ်မှုနှုန်းအနေဖြင့် ၁၀၁ ဒသမ ၁၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အမှုများ ကြန့်ကြာမှုမရှိစေဘဲ ပြီးပြတ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။


ထို့နောက် အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် အဆိုပါအစည်း အဝေးကို ဇူလိုင် ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.