ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူများအား လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၂၄
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူများအား ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဦးစွာ ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူများက တစ်ဦးချင်းမိတ်ဆက်၍ ပုဂ္ဂလိကကျောင်းများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပညာရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာရေးသင်ကြားနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းပြင်ပပညာရေးနှင့် ကင်းကွာနေသူများကိုလည်း ဆက်လက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိကကျောင်းများသည် ပညာရေးကဏ္ဍမြင့်မားရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ပညာရေးမြှင့်တင်မှုကော်မတီကို ဖွဲ့စည်းထားပါကြောင်း။
ပညာရေးကဏ္ဍအတွက် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ ကိုးခုရှိပါကြောင်း၊ ကော်မတီအနေဖြင့် အဆိုပါဥပဒေများအား ခေတ်ကာလအခြေအနေနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်လျက်ရှိပြီး လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းများကို တစ်ဆင့်ချင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကျောင်းများအနေဖြင့်လည်း နိုင်ငံတော်၏ ပညာရေးအခန်းကဏ္ဍ အရွေ့တစ်ခုသို့ရောက်အောင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်များနှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
တွေ့ဆုံပွဲသို့ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments