မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော် ဇူလိုင် ၂၄
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
ဒုတိယအကြိမ်လုံးတော် ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့်
ဗုဒ္ဓါဘိသေကအနေကဇာတင်အောင်ပွဲ (၃) နှစ်ပြည့်အထိမ်းအမှတ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏လက်တော်အရောက်
ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး
ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုသည်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး
ကျော်စွာလင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့်
တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
နတ်ဗြဟ္မာများအား ပင့်ဖိတ်
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည်
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်သောက်တော်ရေချမ်းနှင့်
ဆီမီးတို့ကိုကပ်လှူပြီး ရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်ပူဇော်သည်။ ယင်းနောက် အခမ်းအနားကို
“နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနားမှူးက ဒေဝနိမန္တန စာတမ်းကိုဖတ်ကြား၍
နတ်ဗြဟ္မာများအား ပင့်ဖိတ်သည်။
ထို့နောက် ဥပါသကာများက ရွှေကြာသင်္ကန်းတော်ကို
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ငြမ်းထက်သို့ပင့်ဆောင်ကြပြီး ဧည့်ပရိသတ်အပေါင်းတို့က
သရဏဂုံသုံးပါး ပါဠိနှင့် မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာရွတ်ဆိုပူဇော်၍
မေတ္တာဘာဝနာများ ပွားများကြသည်။
အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်
ဆက်လက်၍ နိုင်ငံတော်သမ္မတဦးဆောင်သည့်
အဖွဲ့ဝင်များအား အောင်အိုးကိုင် ဥပါသကာကငြမ်းထက်သို့ ကြိုဆိုဖိတ်မံပြီး နိုင်ငံတော်သမ္မတသည်
မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးထံသို့ ရွှေကြာသင်္ကန်းတော်ကို သာဟတ္ထိကဒါနမြောက် လက်တော်အရောက်
ကပ်လှူပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
အခမ်းအနားရုပ်သိမ်း
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးအမှူးပြုသည့်
ဧည့်ပရိသတ်အပေါင်းတို့က သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနှင့် ၃၁ ဘုံသားတို့အား မေတ္တာပို့
ကုသိုလ်အမျှပေးဝေငှပြီး “ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို
ရုပ်သိမ်းခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည်
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ရှိ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးအား (၉)
ချက် ထိုးခတ်ပူဇော်၍ မေတ္တာပို့ကုသိုလ်အမျှပေးဝေ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
.jpg)
No comments