နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား



အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ် မှန်ကန်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မှသာလျှင် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သည့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်

 

နေပြည်တော် ဇူလိုင် ၂၁

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးထိန်လင်း၊ ဦးကိုကိုလွင်၊ ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှု၊ မြို့နယ်များအလိုက် ဆက်သွယ်ရေးကြိုးများနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှု၊ မြေအောက်ကေဘယ်လ်ပိုက်လိုင်းနှင့် Man Hole များ တည်ဆောက်လျက်ရှိမှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှုနှင့် ရေမြောင်းများ၊ လမ်းများဖောက်လုပ်ရာတွင် ဖြောင့်ဖြူးမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်စေရေး ပညာပေးကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ လမ်း၊ တံတားများ တည်ဆောက်ရာတွင် စနစ်တကျရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ မြို့ပြများ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများ ထိခိုက်မှုမရှိစေရေးနှင့် မြို့ကွက်များ စနစ်တကျရှိစေရေး Town Plan ရေးဆွဲ ဆောင်ရွက်လျက်ရှိမှု၊ အများပြည်သူများ အပန်းဖြေနိုင်ရေးပန်းခြံများ တိုးချဲ့တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များ၊ မြေအသုံးချထားရှိမှု၊ စပါးစိုက်ပျိုးမှုနှင့် ပိုလျှံစပါးများအား ပြည်ပသို့တင်ပို့လျက်ရှိမှု၊ ပြည်ပပို့ကုန် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု၊ ငါး၊ ပုစွန်၊ အခြားရေထွက်ပစ္စည်းများ ပြည်ပတင်ပို့မှု၊ သီလဝါအထူးစီးပွားရေးဇုန်၌ လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်းရှိ ရေလှောင်တမံ၊ တာတမံ၊ ရေတံခါး၊ ရေနုတ်မြောင်း၊ လျှပ်စစ်ရေတင်စနစ်တို့မှ သောက်သုံးရေနှင့် နွေစပါး ရေပေးဝေနိုင်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် တိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များနှင့် မြေအသုံးချမှု၊ သီးနှံစိုက်ဧရိယာစာရင်းနှင့် အဓိကသီးနှံများစာရင်းဆိုင်ရာ အချက်အလက်များ၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားဆိုင်ရာ အချက်အလက်များ၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိမှု၊ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ပြည်ပပို့ကုန်အတွက် သီးသန့်ဇုန်သတ်မှတ်စိုက်ပျိုးထားရှိမှု၊ ဆီထွက်သီးနှံနှင့် ကော်ဖီသီးနှံစိုက်ပျိုးထားရှိမှု၊ ရေလှောင်တမံများ၌ ရေသိုလှောင်ထားနိုင်မှုနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးဆောင်ရွက်ထားရှိမှု၊ မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး၊ ရေတော်မိုးတော်စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်များစိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေကြီးရေလျှံလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်လျက်ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးနိုင်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှု၊ တောင်ငူအထူးဖွံ့ဖြိုးရေးဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

နိုင်ငံ၏ GDP တိုးတက်မှုရှိစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် GDP များ ယခုထက် ပိုမိုတိုးတက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လို

 

ယင်းနောက် နိုင်ငံတော်သမ္မတက ဆွေးနွေးမှာကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် နိုင်ငံတော်တွင် အဓိကစီးပွားရေးအားကောင်းသည့် တိုင်းဒေသကြီး ခြောက်ခုတွင်ပါဝင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် MSME ကုန်ထုတ်လုပ်ငန်းများနှင့် စက်မှုဇုန်များ၌ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေအတွက်ထက် အရည်အသွေးကောင်းမွန်မြင့်မားရေးကို အဓိကထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခင်ကမိမိတို့နိုင်ငံတွင် စီမံကိန်းစီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ၌ အရည်အသွေးပိုင်းတွင် အားနည်းချက်အချို့ ရှိခဲ့ကြောင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်းသည် ထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များ ကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်သဖြင့် ပြည်တွင်း၌ ထုတ်ကုန်ပစ္စည်းများကို ဖူလုံမှုရှိအောင် ထုတ်လုပ်ပေးနိုင်ရန်လိုကြောင်း၊ မိမိ၏စီးပွားရေးမူဝါဒမှာ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိရန်နှင့် ထုတ်လုပ်မှုများ မှန်မှန်ကန်ကန်ဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုကို GDPဖြင့် တိုင်းတာကြခြင်းဖြစ်သဖြင့် နိုင်ငံ၏ GDP တိုးတက်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် GDP များ ယခုထက် ပိုမိုတိုးတက်မှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

 

နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းတကျဖြေရှင်းရန်လို

 

နိုင်ငံ့စီးပွားအားကောင်းစေရေးအတွက် စီမံဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်း အချက်အလက်များ မှန်ကန်မှုရှိရေးသည် အဓိကကျသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု အခြေခံကိန်းဂဏန်းများ မှန်ကန်မှုရှိစေရေး စနစ်တကျစိစစ် တင်ပြသွားကြရန်လိုကြောင်း၊ မြေပြင်အချက်အလက်များကို မှန်ကန်စွာကောက်ယူနိုင်ရေးအတွက် လည်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိရန်လိုကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်ခဲ့သည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းတကျ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့နယ်မြေဒေသများ၌ တည်ငြိမ်အေးချမ်းမှုရရှိရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူလူထုက ရွေးချယ်ထားသည့် ရွေးကောက်ခံအစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်သဖြင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဖြေရှင်းနေကြခြင်းသည် ဖြေရှင်းနည်းအစစ်အမှန်မဟုတ်ဘဲ ၎င်းတို့ကျင်လည်ရာ ဒေသနှင့်ဒေသခံတို့၏ အကျိုးစီးပွားကိုဖျက်ဆီးနေကြခြင်းပင်ဖြစ်ပြီး တစ်နည်းအားဖြင့် ဒေသနှင့်နိုင်ငံတော်၏အနာဂတ်ကို နှောင့်ယှက်ဖျက်ဆီးနေကြခြင်းပင် ဖြစ်ကြောင်း။

 

ပညာရေးအားနည်းချက်များ ပြုပြင်နိုင်ရေးအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

 

မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက်ပညာရေး အားနည်းချက်များရှိခဲ့သည်ကို အချက်အလက်များအရတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပညာရေးအားနည်းချက်၏ နောက်ဆက်တွဲအနေဖြင့် စဉ်းစားတွေးခေါ်မမြော်မြင်နိုင်စွမ်းနှင့် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်စွမ်းများ အားနည်းခဲ့ကြကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာချိန်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားကြသည့် ပြည်ပအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ကာ ဆူပူအကြမ်းဖက်သည့် လမ်းကြောင်းပေါ်သို့ ပညာရေးအားနည်းသူအများစု ရောက်ရှိသွားကြကြောင်း၊ နိုင်ငံအတွင်း၌ စုစည်းညီညွတ်မှုနှင့် စည်းလုံးမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၊ အရေးအခင်းများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါကလည်း ပညာရေးအရ အားနည်းချက်များရှိခဲ့ခြင်း၊ နိုင်ငံရေးအရ ထွက်ပေါက်မရှိခြင်းနှင့် စီးပွားရေးကျဆင်းခြင်းတို့ကြောင့် ဖြစ်သည်ကို သုံးသပ်တွေ့မြင်ရမည်ဖြစ်ကြောင်း။

 

ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် အစိုးရများအနေဖြင့်လည်း နိုင်ငံတော်၏ပညာရေးအားနည်းချက်များကို ပြုပြင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံတော်၏ပညာရေးတွင် အားနည်းချက်များရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ပညာရေးအားနည်းမှုတွင် ပညာသင်ကြားရာ၌ အမှန်တကယ် ပညာတတ်မြောက်ရေးထက် အတန်းတက်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့မှုများကြောင့်လည်း ပါဝင်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတော်တာဝန်ယူခဲ့ရသည့် ၂၀၂၁ ခုနှစ်မှစတင်၍ အခြေခံပညာနှင့် အဆင့်မြင့်ပညာရေး တို့တွင် ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်များအလိုက် သင်ကြားပေးသည့်ပညာရပ်များကို အမှန်တကယ် တတ်မြောက်စေရေး သင်ကြားပေးကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနိုင်မှသာလျှင် အနာဂတ်နိုင်ငံတော်အတွက် အမှန်တကယ် ပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ် ကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးကို သင်ကြားပေးရုံသာမက ကျန်းမာကြံ့ခိုင်မှုရှိစေရေး ကာယအချိန်များတွင် အားကစားနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် ပြင်ပဗဟုသုတများရရှိစေရေး၊ အခြားလူမှုဆက်ဆံရေးနှင့် ပြည်သူ့နီတိများကိုလည်း သိရှိနားလည်စေရေး သင်ကြားလေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ အဓိအားဖြင့် ကျောင်းနေအရွယ်ကလေးငယ်များကို ငယ်ရွယ်စဉ်မှစ၍ အသိပညာ၊ အတတ်ပညာများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ၎င်းတို့ဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်သကဲ့သို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာပြည့်စုံပြီး အတွေးအခေါ် မှန်ကန်ကောင်းမွန်သည့် လူငယ်များကို မွေးထုတ်ပေးနိုင်မှသာလျှင် နိုင်ငံ၏အနာဂတ်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်ပညာရေးအရ အားနည်းချက်များကို မြင်အောင်ကြည့်၍ အားလုံးကဝိုင်းဝန်းပြုပြင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အစိုးရအဖွဲ့ဝင်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သည့် သင်ကြားမှုသင်ယူမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပြည့်စုံကောင်းမွန်မှုရှိစေရေးနှင့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။

 

ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ မြင့်မားစေရေး

 

ပညာရေးနှင့်ဆက်စပ်၍ ကျန်းမာရေးကဏ္ဍတွင်လည်း နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့နေနိုင်ရေးအတွက်လည်း အစိုးရတစ်ရပ်အနေဖြင့် စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် “ဆေးရုံရှိပါက ဆရာဝန်ရှိရမည်၊ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” စသည့်မူဝါဒများချမှတ်၍ ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမြင့်မားစေရေး အလေးထားဆောင်ရွက်စေလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ဆေးပေးခန်းများ၊ ဆေးရုံ၊ ဆေးခန်းများ၌ ကျန်းမာရေးဝန်ထမ်းများ အလုံအလောက်ခန့်ထားပေးနိုင်ရေးအတွက်လည်း နိုင်ငံတော်က စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိကြောင်း၊ ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍လည်း ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများ ရရှိအောင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနများရှိ ကျန်းမာရေးဝန်ထမ်းများက အချိန်အခါအလိုက်၊ အသက်အရွယ်အလိုက် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးကြရေးအသိပညာပေးခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျောင်းပတ်ဝန်းကျင်တစ်ဝိုက် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် ပတ်ဝန်းကျင်ဖြစ်စေရေး၊ အစားအသောက်နှင့် သောက်သုံးရေများ သန့်ရှင်းမှုရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။

 

ကလေးငယ်များ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးသည့် ခန္ဓာကိုယ်ရရှိစေရေးအတွက်လည်း အာဟာရပြည့်ဝသည့် အစားအစာများ ကျွေးမွေးနိုင်ရန်လိုကြောင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းခြင်းကြောင့် အားကစားကဏ္ဍတွင်လည်း အားနည်းနေခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရန် လည်းလိုကြောင်း၊ အခြေခံပညာကျောင်းများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီသော စံကိုက်ဖြစ်သည့် ကျောင်းများဖြစ်အောင် အတတ်နိုင်ဆုံးဆောင် ရွက်ပေးသွားရန်လိုကြောင်း၊ ပြည်သူများကိုယ်လက် လှုပ်ရှားအားကစားပြုလုပ်ခြင်းနှင့် အပန်းဖြေခြင်းများဆောင်ရွက်နိုင်ရန် အတွက် အပန်းဖြေနေရာများနှင့် ပန်းခြံများတည်ဆောက်ပေးသွားရန်လည်းလိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်ရေးဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

 

မြေအသုံးချမှုများအား စနစ်တကျဖြင့် အကျိုးရှိရှိဆောင်ရွက်သွားကြရန်လို

 

နိုင်ငံအတွင်း၌ မြေအသုံးချမှုများနှင့် ပတ်သက်၍လည်း အကျိုးရှိစွာဖြင့် အသုံးချဆောင်ရွက် သွားကြရန်လိုကြောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွင့်ပြုပေးထားသည့် မြေနေရာများတွင် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုသကဲ့သို့ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် ခွင့်ပြုပေးထားသည့် မြေနေရာများတွင်လည်း ခွင့်ပြုချက်များနှင့်အညီ စနစ်တကျဖြင့် အကျိုးရှိရှိအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မြို့ပြများတည်ဆောက်ရာတွင် ကျစ်ကျစ်လျစ်လျစ်ဖြင့် စနစ်တကျတွက်ချက်၍ အကွက်ချတည်ဆောက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လမ်း၊ မီးနှင့် ရေများကို စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ အုပ်ချုပ်မှုကိစ္စရပ်များကိုလည်း လွယ်ကူစွာ ဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ မြို့ပြများတိုးချဲ့တည်းဆောက်ခြင်း၊ လမ်းများတိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ရာတွင်လည်း စနစ်တကျတွက်ချက်၍ မြေကိုအကျိုးရှိရှိ အသုံးချသွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမရှိပါက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရနိုင်ပြီး နိုင်ငံ့ဘဏ္ဍာငွေများကို ပိုမိုသုံးစွဲကုန်ကျရမည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုမရှိစေရေး ရေရှည်အတွက် စဉ်းစားတွက်ချက်ပြီးမှသာ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်မှုဇုန်များနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကျန်ရှိသည့် မြေနေရာများတွင်လည်း စနစ်တကျ ဆက်လက်အကောင်အထည် ဖော်ဆောင် ရွက်သွားကြရန်လိုကြောင်း။

 

ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လိုသည့် သမိုင်းဝင်တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ များနှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများစွာရှိကြကြောင်း၊ မိမိနိုင်ငံတော် တာဝန်ထမ်းဆောင်ချိန်တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် အဆောက်အအုံများကို ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာများသည် နိုင်ငံတော်၏သမိုင်းကြောင်း အစဉ်အလာကြီးမားမှုနှင့် ယဉ်ကျေးမှု စရိုက်လက္ခဏာမြင့်မားမှုတို့ကို ဖော်ညွှန်းနေခြင်းဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများစွာကို လည်း ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားများဝင်ရောက်ခြင်းဖြင့် ၎င်းတို့၏ စားသောက်နေထိုင်သွားလာရေးများကို ဝန်ဆောင်မှုပေးနိုင်ခြင်း၊ ဒေသထွက်နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများရောင်းချခြင်း စသည်ဖြင့်ဒေသအတွက်ဝင်ငွေများကို ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရေး မိမိတို့ဒေသအလိုက် သန့်ရှင်းသာယာလှပရေးနှင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန်ပြီး စိမ်းလန်းစိုပြည်ကာ သန့်ရှင်းသာယာလှပသည့်ဒေသများ ဖြစ်စေရေးအတွက်လည်း စိစစ်ကြပ်မတ်ခြင်းများ၊ စီမံခန့်ခွဲပေးခြင်းများဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

ဒေသတွင်းစားရေးဖူလုံမှုရှိစေရေး အလေးထားဆောင်ရွက်

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍လည်း မိမိတို့ တိုင်းဒေသကြီးအလိုက်နေထိုင်သည့် လူဦးရေအပေါ်တွင်မူတည်၍ ဒေသ၏စားရေးဖူလုံမှုရှိအောင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူခြင်းလုပ်ငန်းများကို ယခုထက်တိုးချဲ့ ဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း အသား၊ ငါးများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်သူများ စားသောက်မှု အဆင်ပြေစေရေးသည် နိုင်ငံ့အရေးပင်ဖြစ်ပြီး မိမိတို့ဒေသအတွင်း ပြည်သူများ၏စားသောက်မှု အဆင်ပြေစေရေး ဒေသအလိုက် တာဝန်ရှိသူများက အလေးထားဂရုပြု ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်ရမည်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များပင်ဖြစ်ကြောင်း။

 

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပမှ စားသုံးဆီများကို တင်သွင်းရလျက်ရှိပြီး နိုင်ငံခြားငွေများကို သုံးစွဲရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော်လည်း ပြည်တွင်းတစ်ဦးချင်းဆီစားသုံးမှုနှုန်းမှာ များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် ဆီစားသုံးမှုကို လျှော့ချသွားကြရန်လိုပြီး ဆီကိုလိုအပ်သည်ထက် ပိုမိုစားသုံးမည်ဆိုပါက လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ မိမိတို့၏ကျန်းမာရေးကို ထိခိုက်စေမည့် ဆီအလွန်အကျွံစားသုံးခြင်းများကို ရှောင်ကျဉ်သွားကြရန်လိုကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အနေဖြင့် စီးပွားရေးအခြေခံကောင်းများနှင့် စိုက်ပျိုးမွေးမြူရေးရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ဒေသနှင့်နိုင်ငံ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း မှာကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်








No comments

Powered by Blogger.