ကျောက်တံခါးမြို့နယ် ခလောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
ကျောက်တံခါး ဇူလိုင် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ရက် ၁၀၀ စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျောက်တံခါးမြို့နယ်၊ ခလောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်လေးပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွန့်၊ ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ ကျောက်တံခါးမြို့နယ် ခလောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဆွေးနွေးမှာကြားပါသည်။
အဆိုပါ ခလောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၁၃၂၀ ပေ အကျယ် ရှစ်ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၆၃ ဒသမ ၂၅ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ မေလ ပထမအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်လမ်းဆောင်ရွက်နိုင်မှုကြောင့် ခလောင်ကျေးရွာရှိ တောင်သူများ၏ စိုက်ပျိုးမြေဧက ၄၅၀ ကျော်ကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေ ဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုထံမှ သိရသည်။
နီလာ

No comments