ပညာရေးဒီဂရီကောလိပ်များတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် ပြည့်ဝသောဆရာများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ


ရန်ကုန် ဇူလိုင် ၂၉


ပညာရေးဒီဂရီကောလိပ်များတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် ပြည့်ဝသောဆရာများ ဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသကဲ့သို့ ယခုတက်ရောက်နေသော ဆရာ ဆရာမလောင်းများကလည်း သင်တန်းပြီးဆုံး၍ မိမိတာဝန်ကျရာ ဒေသများ၌ တာဝန်ထမ်းဆောင်ကြရာတွင် ကျောင်းသား ကျောင်းသူများအား စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော လူတော်လူကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ယနေ့ ဟားခါးပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။


ပညာသင်ယူမှု အခွင့်အလမ်းမဆုံးရှုံးစေရန်နှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော ဆရာ ဆရာမများ မွေးထုတ်ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယာယီဖွင့်လှစ်ထားသော ဟားခါးပညာရေး ဒီဂရီကောလိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါ ကောလိပ်သို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့‌ငွေ‌ပေးအပ်ခဲ့သည့် အပြင် ကောလိပ်စာသင်ဆောင်နှင့် စားဖိုဆောင်များကိုလည်း ကြည့်ရှုစစ်ဆေးသည်။


ထို့ပြင် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံဆွေးနွေးပြီး တက္ကသိုလ် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ သင်ကြားရေးဇုန်၊ စီမံခန့်ခွဲရေးဇုန်၊ လူနေဇုန်၊ အားကစားဇုန်နှင့် စားသောက်ဆိုင်ခန်းများနှင့် ပတ္တမြားအဝိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.