တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဩဂုတ်လတွင် ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်
ဇူလိုင် ၃၀
တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ထိုင်းနိုင်ငံ၌ "Falcon Strike-2026" ဟု အမည်ပေးထားသော ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှုကို ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ကြေညာခဲ့သည်။
တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူကျန်းပင်က တရုတ်နိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် လေယာဉ်အမျိုးအစားအမျိုးမျိုးနှင့် တပ်ဖွဲ့ဝင်များကို အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့ စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ လေကြောင်းရန်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ယခုလေ့ကျင့်မှုသည် တရုတ်နှင့် ထိုင်း လေတပ်နှစ်ရပ်အကြား ကျင်းပသည့် ကိုးကြိမ်မြောက် ပူးတွဲလေ့ကျင့်ရေးအစီအစဉ်ဖြစ်ပြီး နှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများနှင့် ရိုးရာချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments