အာဖဂန်ဒုက္ခသည် ၄၀၀၀ ကျော် နေရပ်ပြန်လာ
ဇူလိုင် ၁၃
အာဖဂန်ဒုက္ခသည် ၄၀၀၀ ကျော်သည် ဇူလိုင် ၁၂ ရက်က ၎င်းတို့၏ဇာတိ အာဖဂန်နစ္စတန်သို့ ပြန်သွားကြောင်း ယနေ့တွင် ဘာခ်ထာသတင်းဌာနက ဖော်ပြခဲ့သည်။
အာဖဂန်ဒုက္ခသည် မိသားစု ၇၉၀ စု (လူပေါင်း ၄၁၀၀ ဦး) သည် ယမန်နေ့က အာဖဂန်နစ္စတန်သို့ ပြန်သွားခဲ့သည် ဟု မီဒီယာက ထပ်လောင်းပြောကြားခဲ့သည်။
၎င်းတို့အနက် အိမ်ထောင်စု ၇၇၂ စုကို ဖြတ်ကျော်ဂိတ်များတွင် လိုအပ်သောအကူအညီများ ပေးအပ်ပြီးနောက် ဇာတိပြည်နယ်များသို့ ပို့ဆောင်ခဲ့ပြီး ကျန်မိသားစု ၁၈ စုကိုလည်း မကြာမီ ၎င်းတို့၏နေရပ်ပြည်နယ်များသို့ ရွှေ့ပြောင်းပေးမည်ဟု သိရသည်။
ဆယ်စုနှစ်များစွာ အာဖဂန်ဒုက္ခသည် သန်းပေါင်းများစွာကို လက်ခံထားခဲ့သော အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန် နှစ်နိုင်ငံစလုံးသည် အထောက်အထားမဲ့နိုင်ငံခြားသားများကို အိမ်ရှင်နိုင်ငံများမှ ထွက်ခွာရန် ပြောဆိုခဲ့ကြသည်။
ယခင်က အာဖဂန်အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်လအတွင်း အာဖဂန်ဒုက္ခသည် ၇၆၁၈၁ ဦး နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် ပြန်လည်ရောက်ရှိရေးလုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လတွင် လက်ရှိအာဖဂန်အစိုးရမှ အာဏာလွှဲပြောင်းရယူပြီးနောက်ပိုင်း အာဖဂန်ဒုက္ခသည် ရှစ်သန်းကျော်သည် ၎င်းတို့၏နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်ဟု အာဖဂန်အစိုးရအဖွဲ့၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments