ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မြေပြိုမှုများကြောင့် လူ ခုနစ်ဦးထက်မနည်း သေဆုံး



ဇူလိုင် ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ခရိုင်နှစ်ခုတွင်  ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်နေ့မနက်စောပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ခုနစ်ဦးထက်မနည်း သေဆုံးပြီး အိမ်ခြေများစွာ ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

မြို့တော်ဒါကာမှ ၃၁၆ ကီလိုမီတာအကွာရှိ ဘန်ဒါဘန်ခရိုင်တစ်ခုတည်းတွင် ယနေ့အစောပိုင်းက မြေပြိုမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ငါး ဦး သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသော ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဇူလိုင် ၉ ရက်နေ့ ညပိုင်းက မြေပြိုမှုဖြစ်ပွားပြီးနောက် ဒါကာမြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာရှိ ကော့ဇ်ဘဇားခရိုင်တွင် ကလေးနှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းများအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တောင်တန်းဒေသများတွင် ဇွန်လမှ စက်တင်ဘာလအထိ ကြာမြင့်လေ့ရှိသည့် မိုးရာသီအတွင်း မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ အကြောင်းရင်းမှာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အိမ်ရာဆောက်လုပ်ရေးအတွက် သစ်တောများကို အများအပြား ခုတ်ထွင်ရှင်းလင်းထားခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.