အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး စည်သူဒေါက်တာသော်ကောင်း ကွယ်လွန်

 


စာရေးဆရာကြီး စည်သူဒေါက်တာ သော်ကောင်းကို အဘ အငြိမ်းစား ပညာမင်းကြီးနှင့် မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ စည်သူ ဦးကောင်း အမိ ဒေါ်သိန်းတို့က ၁၉၃၇ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။

 

သတ္တမတန်းမှ နဝမတန်းအထိ ရန်ကုန်မြို့တွင် ပညာဆည်းပူးခဲ့သည်။ ၁၉၅၄ ခုနှစ်မှ ၁၉၅၉ ခုနှစ် အထိ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး B.A (ဂုဏ်ထူး)၊ အင်္ဂလိပ်စာပထမအဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်မှ စာကြည့်တိုက် ဘွဲ့လွန်ဒီပလိုမာ ရရှိခဲ့သည်။

 

၁၉၇၆ ခုနှစ်တွင် AALIA (Associate of the Australian Library and Information Association) ဘွဲ့ကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်း၏ အမြင့်ဆုံးဘွဲ့ ဖြစ်သည့် FLA (Fellow of the Library Association) (UK) ဘွဲ့ကိုလည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် Fukuoka Asian Cultural Prize (2005) ဆုကိုလည်းကောင်း ချီးမြှင့်ခံရသည်။

 

၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာန အချိန်ပိုင်းစာကြည့်တိုက် လက်ထောက်၊ ၁၉၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ်၊ လူမှုရေးသိပ္ပံစာကြည့်တိုက် စာကြည့်တိုက်မှူးနှင့် ထိုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက် လက်ထောက် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

 

၁၉၆၉ ခုနှစ်မှ အငြိမ်းစားယူသည့် ၁၉၉၇ ခုနှစ်အထိ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၏ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာဌာနကို စတင်တည်ထောင်ပြီး ပါမောက္ခ၊ ဌာနမှူးအဖြစ် ပူးတွဲတာဝန်ယူခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ တက္ကသိုလ်ပညာပဒေသာ စာစောင် စာတည်းအဖွဲ့အတွင်းရေးမှူး၊ ၁၉၇၁ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ မြန်မာစာကော်မရှင် အတွင်းရေးမှူးနှင့် မြန်မာ-အင်္ဂလိပ် အဘိဓာန် ထုတ်ဝေရေးအဖွဲ့ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။

 

အင်္ဂလန်၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သို့ မြန်မာစာပေ၊ စာကြည့်တိုက်လုပ်ငန်း၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ စာတမ်းများ သွားရောက် ဖတ်ကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၊ နလန္ဒာတက္ကသိုလ် အကြံပေးကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

 

ပြည်တွင်းပြည်ပ ကွန်ဖရင့်များ၊ ဆွေးနွေးပွဲများတွင် စာတမ်း ၃၅ စောင် ဖတ်ကြားတင်သွင်းခဲ့ပြီး အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ဆောင်းပါး ပေါင်း ၉၀ ကျော်၊ “ရည်ညွှန်းစာအုပ်ဟူသည်၊ “Aspects of Myanmar History and Culture” စသည့် အပါအဝင် စာအုပ် ၁၀ အုပ်၊ ဘာသာပြန်များနှင့် အခြား အထွေထွေများ အပါအဝင် စုစုပေါင်း ၂၀၀ ခန့် ရေးသားပြုစုခဲ့သည်။

 

၂၀၀၇ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေတစ်သက် တာစာပေဆု ချီးမြှင့်ခံရသည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာစာပေ၊ စာကြည့်တိုက်ပညာနှင့် ပေပုရပိုက် အကြောင်းရေးသားထားသော “From the Librarian’s Window” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု (ယဉ်ကျေးမှုဘာသာရပ်) (အင်္ဂလိပ်စာအုပ်ဆု) ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုရှင်အဖြစ် ချီးမြှင့်ခံခဲ့ရသည်။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှစ၍ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဆရာဝန် တင်ရွှေဆု၊ ထွန်းဖောင်ဒေးရှင်း စာပေဆု၊ ပခုက္ကူ ဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု၊ သုတ စွယ်စုံစာပေဆု စသည့် စာပေဆိုင်ရာ ဆုရွေးချယ်ရေးအဖွဲ့များ၌လည်း ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စည်သူဘွဲ့ချီးမြှင့်ခံရသည်။

 

စာပေပညာရှင် စာရေးဆရာကြီး စည်သူ ဒေါက်တာသော်ကောင်းသည် အမှတ် (၅၂-ဘီ)၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ နေထိုင်ရင်း ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ် ရှိပြီးဖြစ်သည်။ ဆရာကြီး ကွယ်လွန်သွားခြင်းသည် မိသားစုဝင်များ၊ စာပေမိတ်ဆွေများနှင့် မြန်မာစာပေလောကအတွက် အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

ကြေးမုံ

No comments

Powered by Blogger.