စိမ်းလန်းသောပတ်ဝန်းကျင်၊ လုံခြုံသော လူမှုဘဝ၊ လူငယ်တို့၏ အခန်းကဏ္ဍမြှင့်တင်ရေး လူငယ်စကားဝိုင်း စစ်တွေမြို့၌ ကျင်းပ
စစ်တွေ ဩဂုတ် ၃၁
ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့
ပူးပေါင်းဆောင်ရွက်သော စိမ်းလန်းသောပတ်ဝန်းကျင်၊ လုံခြုံသော လူမှုဘဝ၊ လူငယ်တို့၏ အခန်းကဏ္ဍမြှင့်တင်ရေး
လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ စစ်တွေတက္ကသိုလ်
ရူပဗေဒဌာနမှ သရုပ်ပြ ဒေါ်မိုးမိုးသန်းက ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး အမှတ်(၁)၊
အမှတ် (၂)၊အမှတ်(၃)၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)
မကျည်းမြိုင်မှ ကျောင်းသား ကျောင်းသူများက လူငယ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ
တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဖြေကြားကြသည်။
လူငယ်စကားဝိုင်းတွင် ရခိုင်ပြည်နယ်
လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာ
ကော်မတီမှပေးပို့သော ဗီဒီယိုကလစ်ကို ပြသသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌက
လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် လူငယ်ကိုယ်စားလှယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး
လန်းဆန်းနိုးထဉာဏ်စမ်း အစီအစဉ်ကျင်းပ၍ ဆုရရှိကြသူများအား လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု
တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်များ၏ မှတ်တမ်းဗီဒီယိုကလစ်ကို ပြသသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ
ဒေါက်တာစန်းရွှေ၊ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူမိဘများ၊
လူငယ်ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments