မြန်မာ-ရုရှား နှစ်နိုင်ငံရင်းနှီးမြှုပ်နှံ မဟာဗျူဟာဆက်သွယ်ရေးမြင့်တက်



မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကုန်းမြေတွင် ခိုင်မာသည့် ပြည်တွင်းဈေးကွက်ရှိသည့်အပြင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ကြီးမားသည့် နိုင်ငံတကာဈေးကွက်အတွင်းသို့ ကုန်းလမ်းကြောင်းသာမက ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမပင်လယ်ကွေ့တစ်လျှောက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများမှတစ်ဆင့် ဝင်ရောက်နိုင်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသည့် မဟာဗျူဟာမြောက်တစ်ခုတည်းသော ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေး ဗဟိုချက်/ ဆုံချက် (Choke Point) လည်းဖြစ်သည်။


ကမ္ဘာပေါ်တွင် အကြီးဆုံးဈေးကွက်များဖြစ်သည့် လူဦးရေ ၁ ဒသမ ၄၇ ဘီလီယံရှိသည့် အိန္ဒိယနိုင်ငံနှင့် လူဦးရေ ၁ ဒသမ ၄၁ ဘီလီယံရှိသည့် တရုတ်နိုင်ငံအပြင် လူဦးရေသန်း ၆၆၀ ကျော်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် အာရှဈေးကွက်နှစ်ခုကို တံတားသဖွယ်ဆက်သွယ်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့အပြင် ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၊ အာဆီယံအဝေးပြေးလမ်းကွန်ရက်၊ အရှေ့အနောက်စီးပွားရေးစင်္ကြံ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတို့၏ အလယ်ဗဟိုတွင် တည်ရှိနေသည်။ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရသာမက စီးပွားရေးအရတွင်လည်း အရေးပါသည့်နိုင်ငံဖြစ်သည်။


မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များ တည်ဆောက်ထားပြီး သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များရှိသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်ပြီး ပင်လယ်ရေကြောင်းရှိသည့်အတွက် ပို့ကုန်ဦးစားပေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် အကောင်းဆုံးနေရာဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါသည့်နေရာဖြစ်လာမည်။ အဆိုပါစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြရန် နိုင်ငံတော်သမ္မတက ရုရှားနိုင်ငံခရီးစဉ်အတွင်း ၂၀၂၆ ခုနှစ် မြန်မာ-ရုရှားစီးပွားရေးဖိုရမ်တွင် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့သည်။


ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှား-မြန်မာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ် ဖော်ဆောင်ပေးသွားမည်ဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၏ အဓိကအကျဆုံးအားသာချက်သည် ပထဝီအနေအထားနှင့် မဟာဗျူဟာအရ အရေးပါသည့်အနေအထားတွင်တည်ရှိသည်။ ကပ္ပလီပင်လယ်ပြင်ကို တိုက်ရိုက်အသုံးပြုနိုင်မည်ဖြစ်သလို နိုင်ငံတကာကုန်စည်သင်္ဘောများ မလက္ကာရေလက်ကြားကို ဖြတ်သန်းရန်မလိုတော့ဘဲ အနီးဆုံးခရီးဖြင့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးကြာမြင့်ချိန်ကို မလက္ကာရေလက်ကြားဖြတ်သန်းရန် ကြာမြင့်ချိန်ထက် လေးရက်မှ ခြောက်ရက်အထိလျှော့ချနိုင်ပြီး သယ်ယူပို့ဆောင်ရေးစရိတ် သက်သာစေမည်ဖြစ်သည်။


ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် Southern Economic Corridor လမ်းမကြီးမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အထိ တိုက်ရိုက်ချိတ်ဆက်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အသုံးပြုပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့တွင် ၂၄ နာရီအတွင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။ စွမ်းအင်ကဏ္ဍအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံ၏အဓိကကျသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်များနှင့် ၄၅ ကီလိုမီတာသာ ကွာဝေးလျက်ရှိသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရန်အတွက် ခိုင်မာသည့်ရင်းနှီးမြှုပ်နှံမှုဥပဒေများအပြင် SEZ ဥပဒေများနှင့်လည်း အကာအကွယ်ပေးထားသည်။ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေးအခွင့်အလမ်းများနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို အလေးပေးဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ပထဝီအနေအထားနှင့် စီးပွားရေးအခြေအနေများအရ အခွင့်အလမ်းကောင်းများစွာ ပိုင်ဆိုင်ထားသဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခါအခွင့်သင့်တိုင်း ဖိတ်ခေါ်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ စီးပွားရေးအခွင့်အလမ်းကောင်းများစွာရှိသည့်အနက် အရှေ့တောင်အာရှနှင့် အာရှဈေးကွက်နှစ်ခုကို တံတားသဖွယ်ဆက်သွယ်ပေးမည့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါသည့် စီးပွားရေးဗဟိုချက်/ ဆုံချက်ဖြစ်လာတော့မည်ဖြစ်ပါကြောင်း။ ။

No comments

Powered by Blogger.