လမ်းပေါ်အန္တရာယ်များ ကင်းရှင်းစေရေး လမ်းအသုံးပြုသူတိုင်း စည်းကမ်းလိုက်နာ




ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) သည် ကမ္ဘာလုံးဆိုင်ရာ အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည့်အပြင် ကြီးထွားလာနေသည်ဟုလည်းဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာတစ်ရပ်အရ ကမ္ဘာတစ်ဝန်း လမ်းပေါ်မတော်တဆဖြစ်ရပ်များကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး လူဦးရေ သန်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိနေသည်ဟု သိရသည်။ 


လူများသေဆုံးရသည့် အဓိကအကြောင်းရင်း (Cause of death) များထဲတွင် လမ်းပေါ်မတော်တဆမှုကြောင့် သေဆုံးရခြင်းသည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပထမဆယ်စုနှစ်ကာလဖြစ်သည့် ၂ဝ၁ဝ ပြည့်လွန်နှစ်များကာလတွင် အဆင့် (၈) နေရာတွင်ရှိခဲ့ရာမှ ဒုတိယဆယ်စုနှစ်ကာလဖြစ်သည့် ၂၀၂၀ ပြည့်လွန်နှစ်များတွင် အဆင့် (၃) နေရာသို့ ရောက်ရှိလာနိုင်သည်ဟုဆိုသည်။


ယာဉ်တိုက်မှုကြောင့် သေဆုံးမှုများသည် မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်စဉ်ဆက်တိုက်ကျဆင်းလာခဲ့ရာ လူဦးရေတစ်သိန်းလျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုကြိမ်နှုန်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်တွင် ၁၅ ဦးနှုန်းအထိ ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံတွင် ၅ ဒသမ ၇၁ ဦးနှုန်းအထိ ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်သုံးနှစ်အတွင်း ယာဉ်တိုက်မှုအရေအတွက်နှင့် သေဆုံးမှုအရေအတွက်တို့ကို ကြည့်လျှင် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတစ်ဝန်းယာဉ်တိုက်မှု ၄၇၇၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၄၂၂ ဦး၊ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု ၃၈၇၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၀၁၁ ဦး၊ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု ၃၃၄၈ မှု၊ သေဆုံးသူ ၁၇၃၅ ဦး ရှိခဲ့ရာ နှစ်အလိုက် တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရသည်။


ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပထမဆယ်စုနှစ်ဖြစ်သော (၂၀၁၁-၂ဝ၂၀) ကို အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများမှာ တစ်ကမ္ဘာလုံးတွင် ၁၀ နိုင်ငံသာရှိခဲ့ပြီး မြန်မာအပါအဝင် ကျန်နိုင်ငံအားလုံး ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဟု သိရသည်။ လမ်းပေါ်မတော်တဆမှု (Road Accident ) များကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက အများဆုံးဖြစ်နေပြီး ယာဉ်မတော်တဆမှုများကြောင့် သေဆုံးရမှုများတွင် အာဖရိကနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများက ထိပ်ဆုံးတွင်ရှိနေသည်။


ကမ္ဘာတစ်ဝန်း ယာဉ်စီးရေတိုးတက်များပြားလာခြင်းနှင့် ယာဉ်သုံးစွဲမှုများပြားလာခြင်းတို့ကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်မှာလည်း ကြီးထွားလျက်ရှိရာ ကမ္ဘာတစ်ဝန်းလုံးတွင် ဆယ်စုနှစ်အလိုက် စီမံချက်များချမှတ်၍ ဟန့်တားထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဒုတိယဆယ်စုနှစ် (၂၀၂၁-၂၀၃၀) ကို အကောင်အထည်ဖော်လျက်ရှိသည်။ ဒုတိယဆယ်စုနှစ် စီမံချက်၏ နောက်ဆုံးနှစ်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေကို တွက်ချက်မှု၏ အခြေခံနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် သေဆုံးမှု၏ထက်ဝက်သို့ လျှော့ချနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။


ယာဉ်မတော်တဆဖြစ်မှုများနှင့် အဆိုပါယာဉ်မတော်တဆဖြစ်မှုများကြောင့် ဖြစ်ပေါ်လာရသည့် ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများ လျော့နည်းကျဆင်းသွားရန်နှင့် လုံးဝပပျောက်သွားစေရန်အတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council - NRSC) က National Road Safety Action Plan (2021-2030) နှင့်အညီ နိုင်ငံအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းများကို ကဏ္ဍကြီး (၈) ရပ်၊ လုပ်ငန်းစဉ် ၁ဝ၈ ခုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းသူများ သိရှိလိုက်နာကြရမည့် (၁) မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ရေး၊ (၂) မော်တော်ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရေး၊ (၃) အရက်သေစာ မူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမရှိစေရေး၊ (၄) မော်တော်ယာဉ် မောင်းနှင်လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်ဝတ်ဆင်စေရေး၊ (၅) မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိစေရေးတို့ကို ယာဉ်မောင်းသူတိုင်း အလေးဂရုပြု၍ လိုက်နာဆောင်ရွက်ကြရန်လိုသည်။


တစ်ဖက်တွင်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများကို စနစ်တကျ စောင့်ကြည့်အရေးယူခြင်း၊ ပြည်သူများကို အသိပညာပေးခြင်း၊ အရေးပေါ်ဆောင်ရွက်ရမည့်အချက်များ၊ ရှေးဦးပြုစုခြင်းများကို သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အရှိန်အဟုန်မြှင့်တင်ကြရပါမည့်အကြောင်း။ ။

No comments

Powered by Blogger.