အလုပ်သမားဆေးရုံ(ထန်းတပင်)တွင် နာတာရှည် ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက် တပ်ဆင်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဩဂုတ် ၁၇
ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)တွင်
နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံ အလုပ်သမားများအတွက် ကျောက်ကပ် သွေးသန့်စင်
ဆေးကြောစက် တပ်ဆင်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဆေးရုံမှ
သိရသည်။
ကြည့်ရှုစစ်ဆေး
အဆိုပါဆေးရုံတွင် ကျောက်ကပ် သွေးသန့်စင်ဆေးကြောစက်
တပ်ဆင်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်မည့်နေရာနှင့် ဆောင်ရွက်နိုင်မည့် အခြေအနေကို
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ သွားရောက်စဉ် ဆေးရုံတက်ရောက်
ကုသနေသော အာမခံအလုပ်သမား လူနာများကို လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။
ထို့အတူ အလုံမြို့နယ် လူမှုဖူလုံရေးရုံးဝင်းအတွင်းရှိ
ပျက်စီးနေသော လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၊ ကြည့်မြင်တိုင်မြို့နယ် လူမှုဖူလုံရေးဆေးခန်း
အဆောက်အအုံဟောင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ရမည့် အဆောက်အအုံများနှင့်
အသစ်ထပ်မံ တည်ဆောက်ရမည့် အဆောက်အအုံများကို ရေရှည်တည်တံ့နိုင်စေရေး အစီအစဉ်များ ရေးဆွဲဆောင်ရွက်သွားရန်
မှာကြားသည်။
ယနေ့နံနက်ပိုင်းကလည်း လှိုင်သာယာမြို့နယ်ရှိ
အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်း၌
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များအတွက်
ဖွင့်လှစ်ခဲ့သည့် သင်တန်းအမှတ်စဉ်(၁၄/၂၀၂၆) သင်တန်းဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး
သင်တန်းသားများအား သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်သည်။
ဖွင့်လှစ်ပို့ချ
အဆိုပါသင်တန်းကို လုပ်ငန်းခွင် ဘေးအန္တရာယ်
ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များ၏ ဘာသာရပ်ဆိုင်ရာ အရည်အသွေးတိုးတက်စေရန်၊
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာစီမံခန့်ခွဲမှု စနစ်တည်ထောင်ရာတွင်
အထောက်အကူ ဖြစ်စေရန်နှင့် ကော်မတီဝင်များ၏ အသိအမြင်များ တိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ လစဉ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကာ
လက်ရှိအချိန်ထိ စက်ရုံ ၁၂၈၅ ရုံမှ သင်တန်းသား ၁၃၇၇ ဦးကို သင်တန်းပို့ချ ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments