မွန်ဂိုးလီးယားနိုင်ငံ၌ စာသင်ကျောင်းများတွင် လူမှုမီဒီယာအသုံးပြုမှု ပိတ်ပင်မည်
ဩဂုတ် ၂၀
မွန်ဂိုးလီးယားနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ နိုင်ငံတစ်ဝန်းရှိ အထွေထွေပညာရေးကျောင်းများတွင် လူမှုမီဒီယာအမျိုးအစားအားလုံး အသုံးပြုခြင်းကိုပိတ်ပင် သွားမည်ဖြစ်ကြောင်း ပညာရေးနှင့် သိပ္ပံဝန်ကြီး Luvsantseren Enkh-Amgalan က ယမန်နေ့က ပြောကြားခဲ့သည်။
လာမည့် ပညာသင်နှစ်ကစပြီး ကျောင်းသားများ၏ အွန်လိုင်းလုံခြုံရေးကို ဘေးကင်းစေရန်နှင့် ဖန်သားပြင်အသုံးပြုချိန် အလွန်အကျွံမဖြစ်စေရန် စာသင်ခန်းများအနေဖြင့် မိဘ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားများပါဝင်သော လူမှုကွန်ရက်စကားပြောအုပ်စုများ သို့မဟုတ် စာမျက်နှာများကို လုံးဝ ဖွင့်လှစ်/ထိန်းသိမ်းခြင်း မပြုရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
Facebook၊ Instagram နှင့် TikTok တို့သည် မွန်ဂိုးလီးယားတွင် အသုံးအများဆုံး လူမှုမီဒီယာပလက်ဖောင်းများတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် ဆရာ၊ ဆရာမများသည် ကျောင်းသားများနှင့် ၎င်းတို့၏မိဘများကိုဆက်သွယ်ပြီး Facebook chat group များကို အသုံးပြုကာ ထို group များတွင် အိမ်စာများတင်ခြင်းတို့ပြုလုပ်လေ့ရှိပြီး အစဉ်အလာအရ နိုင်ငံတစ်ဝန်းရှိ ပညာရေးအဆင့်အတန်းအားလုံး၏ ပညာသင်နှစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်လေ့ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments