ကျောက်ဆည်ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံး အဆောက်အအုံသစ် ပန္နက်တင်အခမ်းအနား ကျင်းပ
ကျောက်ဆည် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်
တရားရုံးနှင့် မြို့နယ်တရားရုံး အဆောက်အအုံသစ် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက
အဆိုပါရုံးဝင်း၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်နှင့်
တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဒေါ်တင်သန်း၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌
ပန္နက်တင်ခြင်းများ ပြုလုပ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ကျောက်ဆည်ခရိုင် တရားရုံးနှင့်
မြို့နယ်တရားရုံး အဆောက်အအုံသစ်အား တာဝန်ယူဆောက်လုပ်မည့် ရွှေထူးသာကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ
ဦးငြိမ်းချမ်းသူက အဆောက်အအုံသစ်ဆောက်လုပ်မည့် ဒီဇိုင်းပုံစံများကို ရှင်းလင်းတင်ပြရာ
မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အအုံ
သစ်ဆောက်လုပ်ရာ၌ သတ်မှတ် စံချိန်စံညွှန်းများနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး
လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

No comments