၂၀၅၀ ပြည့်နှစ်တွင် သြစတြေးလျနိုင်ငံ၏ ကင်ဆာရောဂါဖြစ်ပွားသူဦးရေ ၂ ဒသမ ၆ သန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်း
ဩဂုတ် ၁၈
၂၀၅၀ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၌ ကင်ဆာရောဂါရှိကြောင်း ရောဂါမှတ်တမ်းရှိသူ ၂ ဒသမ ၆ သန်းကျော် ရှိလာနိုင်ရာ ၂၀၂၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက လူဦးရေ ၁ သန်းခန့် တိုးလာသည်ဟု လေ့လာမှုအသစ်တစ်ခု၏ ခန့်မှန်းတွက်ချက်မှုအရ သိရသည်။
လူဦးရေတိုးပွားလာမှု၊ အိုမင်းရင့်ရော်လာသော လူဦးရေ၊ ကင်ဆာအမျိုးအစားအချို့ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်း၊ စစ်ဆေးမှုများမှတစ်ဆင့် စောစီးစွာရှာဖွေတွေ့ရှိခြင်းနှင့် ကုသမှုများ တိုးတက်ကောင်းမွန်လာခြင်းကြောင့်အသက်အရွယ်အုပ်စုအားလုံးတွင် ကင်ဆာရောဂါခံစားနေရသူ စုစုပေါင်းအရေအတွက်သည် ၂၀၂၅ ခုနှစ်တွင် ၁ ဒသမ ၆၆ သန်းမှ ၂၀၅၀ ပြည့်နှစ်တွင် ၂ ဒသမ ၆၁ သန်းအထိ ၅၇ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ ယမန်နေ့ကထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။
Lancet Regional Health Western Pacific တွင် ထုတ်ဝေခဲ့သော လေ့လာမှုအရ အသက် ၈၀ နှင့်အထက် ကင်ဆာခံစားနေရသူ အရေအတွက်သည် ၂၀၂၅ ခုနှစ်တွင် ၄၈၀၀၀၀ မှ ၂၀၅၀ ပြည့်နှစ်တွင် တစ်သန်းကျော်အထိ နှစ်ဆကျော် မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
၂၀၅၀ ပြည့်နှစ်တွင် ပျောက်ကင်းအောင် မကုသနိုင်သေးသော ကင်ဆာကို လူပေါင်း ၁ ဒသမ ၁၅ သန်းခန့်က ကုသမှုခံယူရန် သို့မဟုတ် အနီးကပ်စောင့်ကြည့်ရန် မျှော်လင့်ရကြောင်း သုတေသနပြုချက်များအရ သိရသည်။
၂၀၅၀ ပြည့်နှစ်တွင် ရင်သားကင်ဆာသည် သြစတြေးလျ၏ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး ဆီးကျိတ်ကင်ဆာ၊ မယ်လနိုမာကင်ဆာ၊ အူမကြီးကင်ဆာနှင့် ကျောက်ကပ်ကင်ဆာတို့သည် ဒုတိယအဖြစ်များဆုံး ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ ကင်ဆာမဖြစ်ခင်ကြိုတင်ကာကွယ်ခြင်း၊ စောစီးစွာရှာဖွေတွေ့ရှိခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသစောင့်ရှောက်မှုစနစ်များကိုမြှင့်တင်ပြီး အစောပိုင်းအဆင့်တွင် ထိရောက်စွာ ကြားဝင်ဆောင်ရွက်နိုင်ပါက အရေအတွက်သိသိသာသာ ကျဆင်းသွားနိုင်မည်ဟု သြစတြေးလျနိုင်ငံဆစ်ဒနီတက္ကသိုလ်၏ကင်ဆာပပျောက်ရေး ပူးပေါင်း ဆောင်ရွက်မှုကိုဦးဆောင်သည့်ပူးတွဲအကြီးတန်း စာရေးဆရာ ပါမောက္ခ Karen Canfell က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments