လွိုင်ကော်မြို့၌ ၂၀၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် ပြည်နယ်အဆင့် အခမ်းအနားကျင်းပ
လွိုင်ကော် ဩဂုတ် ၂၀
၂၀၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် ပြည်နယ်အဆင့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြီး အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ပန်းချီ ပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။
အခမ်းအနားတွင် အခြေခံပညာအလယ်တန်း ကျောင်း (ဒေါတမ)မှ ကျောင်းသား ကျောင်းသူ များက “အဓိကမြော်တွေး ကျန်းမာရေးသီချင်း” ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလ တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ များကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီးတို့က စံပြ မိခင်ဆုရရှိခဲ့သည့် မိခင်များကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် တတိယဆု ရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆုပေးပွဲအပြီးတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် Video Clip ကိုပြသပြီး သူနာပြုသိပ္ပံမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေကြရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး က ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက်ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးများ တိုက်ကျွေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဆေးပြားများပေးအပ်ကာ ခင်းကျင်း ပြသထားသည့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ်ပြခန်းများကို လည်းကောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် ကျောင်းတွင်း အာဟာရကျွေးမွေးနေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments