မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ



ရန်ကုန် ဩဂုတ် ၁၁


မြန်မာနေရှင်နယ်လိဂ် ကလပ် ရန်ကုန်ယူနိုက်တက် အသင်းသည် မြန်မာ့လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြ ဂိုးသွင်းယူနေသည့် တိုက်စစ်မှူး သန်းပိုင်ကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။


သန်းပိုင်သည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းမှ ထွက်ပေါ်လာသူ ဖြစ်ပြီး စီနီယာအသင်းတွင် ကာလအတန်ကြာကစားခဲ့သလို အသင်းဟောင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ မြန်မာ ယူ-၁၉ အသင်းနှင့်အတူ ထင်ရှားလာသည့် တိုက်စစ်မှူးသန်းပိုင်သည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရန်ကုန်ယူနိုက်တက်အသင်းတွင် ကစားခဲ့သလို ၂၀၁၇ ခုနှစ်တွင် ချင်းယူနိုက်တက်အသင်းတွင် အငှားသွားရောက်ကစားခဲ့ သူဖြစ်သည်။


ထို့ပြင် ၂၀၂၁ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း ယင်းနှစ်တွင် MNL ပြိုင်ပွဲ မကျင်းပဖြစ်သဖြင့် ကစားခွင့်မရဘဲ ၂၀၂၂ ခုနှစ်မှစတင်ကာ ပြည်ပကလပ်များတွင် သွားရောက်ကစားခဲ့သူဖြစ်သည်။ သန်းပိုင်သည် ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းအထိ ထိုင်းကလပ်များဖြစ်သည့် ကန်ချာနာဘူရီ အသင်း၊ ချင်းမိုင်ယူနိုက်တက်အသင်း၊ ကန်ချာနာဘူရီပါဝါအသင်းနှင့် ထရတ်အသင်းတို့တွင် ကစားခဲ့ခြင်းဖြစ်သည်။


သန်းပိုင်သည် ယခုနောက်ပိုင်းနှစ်များတွင် မြန်မာ့လက်ရွေးစင် အသင်းအတွက် ပုံမှန်ပါဝင်ခွင့်ရနေသူဖြစ်ပြီး ဂိုးများလည်းသွင်းယူ နေသူဖြစ်သည်။ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်အသင်းအတွက် သုံးဂိုးသွင်းယူပေးခဲ့ပြီး မြန်မာ့ လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြခဲ့သူများကို ပြည်တွင်းထိပ်တန်း ကလပ်အသင်းများက ခေါ်ယူရန် အပြိုင်ကြိုးပမ်းလျက်ရှိသည်။


သတင်း - ကိုညီလေး

ဓာတ်ပုံ - YUFC

No comments

Powered by Blogger.