အောင်လံမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု သရုပ်ပြပွဲနှင့် အစားအစာ ငါးမျိုးမှ ဗီတာမင်အေ ရွေးချယ်ပြိုင်ပွဲ ကျင်းပ
အောင်လံ ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင်
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု သရုပ်ပြပွဲနှင့် အစားအစာ
ငါးမျိုးမှ ဗီတာမင်အေ ရွေးချယ်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇေယျဝတီရပ်ကွက်ရှိ
အခြေခံပညာမူလတန်းကျောင်း (အမက-၂) ၌ ကျင်းပသည်။
ဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာ ထွန်းလင်းအောင်က ဗီတာမင်အုပ်စုများ၏ အကျိုးအာနိသင်နှင့် အရေးပါပုံ၊ ဗီတာမင်အေသည်
ကလေးငယ်များ၏ အမြင်အာရုံ ဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ကြီးထွားမှုနှင့် ကူးစက်ရောဂါများမှ
ကာကွယ်ပေးနိုင်သည့် ကိုယ်ခံအားစနစ်အတွက် မရှိမဖြစ်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် အမက(၂)မှ ကျောင်းသား ကျောင်းသူများက
ကျန်းမာရေးအလေ့အကျင့် ကောင်းများဖြစ်သည့် စနစ်မှန် လက်ဆေးနည်းများနှင့် စနစ်မှန် သွားတိုက်နည်းများကို
လက်တွေ့ သရုပ်ပြသကြပြီး အစားအစာ ငါးမျိုးထဲမှ ဗီတာမင်အေဓာတ် ပါဝင်သည့် အစားအစာအား မှန်ကန်စွာ
ရွေးချယ်သည့် ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိကြသည့်
ကျောင်းသား ကျောင်းသူများအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ
ဒေါ်နွယ်ဇာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ
တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ကြပြီး လက်တွေ့သရုပ် ပြမှုတွင် ပါဝင်အားဖြည့်ခဲ့သည့်
ကျောင်းသား ကျောင်းသူများ အားလုံးကို သွားတိုက်ဆေးနှင့် သွားတိုက်တံ လက်ဆောင်များကို
အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)

No comments