မန္တလေး-မတ္တရာ ရထားလမ်းပိုင်းရှိ သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် ရထားတိုးချဲ့ပြေးဆွဲ
နေပြည်တော် ဩဂုတ်
၂၄
ပို့ဆောင်ရေးဝန်ကြီးဌာန
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် မ-၄၁၊
မ-၄၃ သူရဲဈေး-တောင်ပြုံးနှင့် မ-၄၂၊ မ-၄၄ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ်အား ရိုးရိုးတန်းခြောက်တွဲ၊
ဘရိတ်တွဲနှစ်တွဲ စုစုပေါင်းရှစ်တွဲဖြင့် တွဲဆိုင်းဖွဲ့ဆင်ပြီး ဩဂုတ် ၁၉ ရက်မှစတင်၍
ပြေးဆွဲပေးလျက်ရှိရာ တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီးခရီးသည် စီးနင်းမှုများပြားသဖြင့်
ဩဂုတ် ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထားနှစ်စင်း ထပ်မံတိုးချဲ့ပြီး တစ်နေ့လျှင် အစုန်/အဆန်ရထားခရီးစဉ်ခြောက်ခေါက်
ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
နေ့အလိုက် ရထားစီးခရီးသည်
စီးနင်းမှုအနေဖြင့် စတင်ပြေးဆွဲသည့် ဩဂုတ် ၁၉ ရက်က
၄၇၇ ဦး၊ ဩဂုတ် ၂၀ ရက်တွင် ၆၄၅ ဦး၊ ဩဂုတ် ၂၁ ရက်တွင် ၂၉၂၅ ဦး၊ ဩဂုတ် ၂၂ ရက်တွင် ၂၄၁၂
ဦးနှင့် ဩဂုတ် ၂၃ ရက်တွင် ၆၉၃၅ ဦး အထိ လိုက်ပါစီးနင်းခဲ့သဖြင့် စတင်ပြေးဆွဲခဲ့သည့်အချိန်မှ
ယနေ့ထိ ခရီးသည် စုစုပေါင်း ၁၃၃၉၄ ဦး လိုက်ပါစီးနင်းခဲ့သည်။
သူရဲဈေး - တောင်ပြုံး
ရထားခရီးစဉ်တွင် သူရဲဈေးဘူတာမှစတင်၍ မ - ၄၁
ရထားသည် နံနက် ၇ နာရီတွင် လည်းကောင်း၊ မ - ၄၃
ရထားသည် နံနက် ၁၀ နာရီခွဲတွင် လည်းကောင်း၊ မ - ၄၅
ရထားသည် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း ထွက်ခွာ၍ တောင်ပြုံး - သူရဲဈေး
ရထားခရီးစဉ်တွင် တောင်ပြုံးဘူတာမှစတင်၍ မ - ၄၂
ရထား သည် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ မ - ၄၄
ရထားသည် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မ - ၄၆
ရထားသည် ညနေ ၅ နာရီတွင် လည်းကောင်း ထွက်ခွာပြီး လမ်းခရီးတွင် အိုးဘို၊ မြနန္ဒာ၊ ကပိုင်
ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်သည်။ ရထားလက်မှတ်ခအနေဖြင့် မည်သည့်ဘူတာအတွက်မဆို တစ်ဦးလျှင်
ငွေကျပ် ၁၀၀၀ နှုန်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပို့ဆောင်ရေးဝန်ကြီးဌာန
မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက်
အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန် - မန္တလေး
လမ်းပိုင်း၊ ရန်ကုန် - ပြည်လမ်းပိုင်း၊
ရန်ကုန် - မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန် မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်
သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ် - ဟင်္သာတ - ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား
- တောင်တွင်းကြီး လမ်းပိုင်း၊ ရန်ကုန် - ပြည် - ပုဂံ လမ်းပိုင်း၊ မြစ်ကြီးနား - မိုးညှင်း
လမ်းပိုင်း၊ သာစည် - ရွှေညောင် လမ်းပိုင်းနှင့် လက်ပံတန်း - သာရဝေါလမ်းပိုင်း စသည့်လမ်းပိုင်းများတွင်
လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် သူရဲဈေး - တောင်ပြုံး
ရထားခရီးစဉ်တွင် ခရီးသည်စီးနင်းမှု ထပ်မံများပြားလာပါက ရထားထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း
မြန်မာ့မီးရထားမှ သိရသည်။
သတင်းစဉ်

No comments