ဂျပန်နိုင်ငံ၏လက်ကားဈေးနှုန်းများ ဇူလိုင်လတွင် ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာ



ဩဂုတ် ၁၃

ဂျပန်နိုင်ငံ၏ လက်ကားဈေးနှုန်းများ ဇူလိုင်လတွင် ယခင်နှစ်ကထက် ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဂျပန်ဘဏ် (BOJ) က ယနေ့တွင် ပြောကြားခဲ့သည်။

ကုမ္ပဏီများအကြား ရောင်းဝယ်ဖောက်ကားသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်မှုနှုန်းသည် ဇွန်လတွင် ပြန်လည်ပြင်ဆင်သတ်မှတ်ထားသည့် ၇ ဒသမ ၃ ရာခိုင်နှုန်းမှ လျော့ကျလာခဲ့ရာ ဈေးနှုန်းမြင့်တက်မှုသည် ငါးလအတွင်း ပထမဆုံးအကြိမ် နှေးကွေးလာခြင်းဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ် (BOJ) ၏ အချက်အလက်များက ပြသထားသည်။

အဆိုပါအချက်အလက်များ ထွက်ပေါ်လာချိန်တွင် ဗဟိုဘဏ်သည် ဇူလိုင်လအစည်းအဝေး၌ မူဝါဒအတိုးနှုန်းကို မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့သော်လည်း အခြေခံငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်၏ နှစ်ရာခိုင်နှုန်း ရည်မှန်းချက်ထက် ကျော်လွန်နိုင်သည်ဟု သတိပေးခဲ့သည်။

စက်တင်ဘာလတွင် ပြုလုပ်မည့် ဗဟိုဘဏ်၏ နောက်တစ်ကြိမ်အစည်းအဝေး၌ အတိုးနှုန်းမြှင့်တင်နိုင်ခြေ  မြင့်တက်လာသည်ဟု သိရသည်။

သွင်းကုန်ဈေးနှုန်းများသည် ဇူလိုင်လတွင် ယခင်နှစ်ကထက် ၂၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဂျပန်စီးပွားရေးတွင် အဓိကဖိအားပေးမှု အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ရာ ယန်းငွေ၏ အားနည်းမှုကြောင့် သွင်းကုန်ကုန်စည်များ၏ ဈေးနှုန်းကို ဆက်လက်မြင့်တက်စေကာ ပို့ကုန်ဈေးနှုန်းများ ၁၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.