လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်


ပုသိမ် ဩဂုတ် ၁၆


ငဝန်တာ၏ အောက်ခံမြစ် ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်း စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရ သည့် ဟင်္သာတခရိုင်လေးမျက်နှာ မြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများကို ဟင်္သာတမြို့ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာ၌ Rotary Myanmar က သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာခဲ၊ ရေသန့်၊ ဆိုလာမီးအိမ်၊ ဖန်ခွက်၊ ငါးသေတ္တာ၊ ပုစွန်ခြောက် ဘာလ ချောင်ကြော်၊ ပဲကတ္တီပါပြုတ်ဘူး၊ ခေါက်ဆွဲခြောက်၊ ဘီစကွတ် စသည့် ပစ္စည်းများ ပါဝင်သော Box အရေအတွက် ၁၀၀၀ ပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က လက်ခံရယူသည်။


ဦးစွာ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာအုပ်စု ကွင်းမ ကျေးရွာ၌ ရေဘေးသင့် ပြည်သူ များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လေးမျက်နှာ မြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လျက်ရှိကြောင်း၊ ရေပြန်ကျပါက ပြန်လည်ထူထောင်ရေး လုပ်ငန်း များဆောင်ရွက်နိုင်ရန် ကြိုတင်စီမံ ဆောင်ရွက်ထားပါကြောင်း၊ တာနိမ့် ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်မှုကို ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ဆောင်ရွက်လျက်ရှိကြောင်း၊ တာပိတ်ဖို့ခြင်း လုပ်ငန်း ပြီးစီးပါက ကျန်ရှိသည့်ရေများ အမြန်ဆုံး ပြန်လည်ကျဆင်းရေးအတွက် ရေဆင်းလမ်းကြောင်းများ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ရေဘေးသင့် ပြည်သူများအား အားပေးစကား‌ ပြောကြားသည်။


ထို့ပြင် အိုင်သပြုတိုက်နယ် ဆရာဝန်က ဝမ်း‌ပျက်ဝမ်းလျှော ရောဂါ၊ သွေးလွန်တုပ်ကွေး‌ရောဂါ အပါအဝင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ လေးမျက်နှာ မြို့နယ် စာရေးကွင်းကျေးရွာ ဣစ္ဆာသယ ကျောင်းတိုက်၌ ဒေသခံပြည်သူများ ဆက်သွယ်ရေး ကွန်ရက်များ မပြတ်တောက်စေရေးအတွက် B2B Satellite Terminal အား Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားတွင် တပ်ဆင်ထားရှိပြီး ဖုန်းပြောခြင်း နှင့် data အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးခန်းများ ဖွင့်လှစ်ထားရှိမှု၊ ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း များ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းမိသားစုများက ရေဘေးသင့် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ အတွက် ပေးပို့လှူဒါန်းသည့် အလှူငွေများ ကို လက်ခံရယူခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.