ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများ တပ်ဆင်ပံ့ပိုးပေးလျက်ရှိ

 


လေးမျက်နှာ ဩဂုတ် ၁၆

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာ၏ အောက်ခံမြစ် ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်း စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားသည့်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကျော်စီးဝင်မှုများဖြစ်ပွားခဲ့ရာ ရေဘေးသင့် ဒေသခံပြည်သူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ လူမှုအကျိုးပြု အစီအစဉ်ဖြင့် အခြေခံ စားသောက်ကုန်များ၊ ဆေးဝါးများ သွားရောက်လှူဒါန်းခြင်းနှင့် အရေးပေါ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ တပ်ဆင်ပံ့ပိုးပေးလျက်ရှိသည်။

 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)မှ လူမှုအကျိုးပြုအစီအစဉ် ဖြင့် ဩဂုတ် ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် ငသိုင်းချောင်းမြို့ရှိ ရေတံခွန်ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းနှင့် လေးမျက်နှာမြို့နယ် ပြန်လည်ထူထောင်ရေး အဖွဲ့များသို့ သွားရောက်၍ ဆန်၊ ဆီ အပါအဝင် အခြေခံ စားသောက်ကုန်များ၊ စောင်များ၊ အဝတ်အထည်များနှင့် အရေးပေါ်ဆေးဝါးများကို လှူဒါန်းပေးသည်။

 

အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ လှူဒါန်းရာတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများက ကိုယ်တိုင်ကွင်းဆင်း၍ ရေဘေးသင့် မိသားစုများထံ လက်ဝယ်အရောက် တိုက်ရိုက်ပေးအပ် လှူဒါန်းကြသည်။

 

ထို့ပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ ရေဘေးသင့်ဒေသများ၌ ပြည်သူများအဆက်အသွယ် မပြတ်စေရန်အတွက် ဩဂုတ် ၇ ရက်မှ ၁၃ ရက်အထိ အခမဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်ခဲ့သည့်အပြင်၊ အရေးပေါ် ဆက်သွယ်ရေး ကွန်ရက်များ ပြန်လည် ကောင်းမွန်စေရန်အတွက် ဂြိုဟ်တု ဆက်သွယ်ရေးစက် (Satellite Terminal) နှစ်စုံကို လေးမျက်နှာမြို့နယ် စာရေးကွင်း ကျေးရွာအုပ်စု စာရေးကွင်း ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းတွင် တစ်စုံနှင့် သခွပ်ချောင်း ကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာ ရေရှောင် စခန်းတို့တွင် ဩဂုတ် ၃ ရက်မှ စတင် တပ်ဆင်ဆောင်ရွက်ပေးသည်။

 

အလားတူ ရွေ့လျားမိုဘိုင်းစခန်း Cell on Wheels (COW) တစ်ခုကိုလည်း စာရေးကွင်းကျေးရွာတွင် တပ်ဆင်ထားရှိပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများ မူလအတိုင်း အပြည့်အဝ ပြန်လည်ရရှိရေးအတွက် အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.