အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ တရားမျှတသော ယှဉ်ပြိုင်မှုနှင့် အားလုံးပါဝင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီသို့ သွားရာလမ်းကြောင်း
ဒေါက်တာသုတအောင်
အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသည် စီးပွားရေး လုပ်ငန်းငယ်များသာမကဘဲ နိုင်ငံ၏
ထုတ်လုပ်မှုစွမ်းအားများလည်းဖြစ်ကြပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် MSME လုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်သူများက
အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ မိသားစုများကို ထောက်ပံ့ပေးခြင်း၊ ဒေသခံလူထုအတွက်
လိုအပ်သောကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ပေးခြင်း၊
ရိုးရာကျွမ်းကျင်မှုများကို ထိန်းသိမ်းပေးခြင်း၊ ဆန်းသစ် တီထွင်မှုများ၊
အတွေးအခေါ်သစ်များကို မိတ်ဆက်ပေးခြင်း နှင့် ပြည်တွင်းစီးပွားရေးအတွင်း ငွေကြေး လည်ပတ်မှုကို
အထောက်အကူပြုခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ထို့ကြောင့် MSME ဖွံ့ဖြိုး တိုးတက်မှုသည်
အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊
အလုပ်အကိုင် ဖန်တီးရေး၊ ပြည်တွင်းထုတ်လုပ်မှု အားကောင်းစေရေးတို့နှင့် နီးကပ်စွာ
ဆက်စပ်လျက်ရှိပါသည်။
MSME ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အဆင့် အမြင့်ဆုံး ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ်
ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော် အစိုးရက MSMEများကို ပိုမိုခိုင်မာအားကောင်းလာစေရေး၊ ပြည်တွင်း ထုတ်လုပ်မှုမြှင့်တင်ရေး၊
ကုန်ပစ္စည်းအရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ မျှတသော ဈေးနှုန်းများ ဖြင့်
ရောင်းချနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့်
အမျိုးသားစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအား အထောက်အကူပြုရေးတို့၏ အရေးပါမှုကို
အလေးထား ပြောကြားလျက်ရှိပါသည်။ ယင်းရည်မှန်းချက်များသည် လုပ်ငန်းတစ်ခုချင်းစီ၏
အောင်မြင်မှုအတွက်သာမက နိုင်ငံတော်၏ ထုတ်လုပ်မှုစွမ်းရည်နှင့်
စီးပွားရေးခံနိုင်ရည်အားကို မြှင့်တင်ပေးရန်အတွက်လည်း အရေးပါစေပါသည်။
ဈေးကွက်များသို့ မျှတစွာဝင်ရောက်နိုင်ခွင့်လည်း လိုအပ်
ယှဉ်ပြိုင်မှုမူဝါဒ
(Competition
Policy) ရှုထောင့်မှကြည့်မည်ဆိုလျှင် MSME များ၏ ဖွံ့ဖြိုး တိုးတက်မှုသည် ကြိုးစားအားထုတ်မှု တစ်ခုတည်းအပေါ်တွင်သာ
မူတည်နေခြင်းမျိုးမဟုတ်ပါ။ MSME လုပ်ငန်းရှင်များနှင့်
စွန့်ဦးတီထွင်သူများသည် ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသူများ၊
စည်းကမ်းရှိသူများနှင့် ရည်မှန်းချက်ခိုင်မာသူများဖြစ်နိုင် သော်လည်း
၎င်းတို့အနေဖြင့် ဈေးကွက်များသို့ မျှတစွာဝင်ရောက် နိုင်ခွင့်လည်း လိုအပ်ပါသည်။
ဖောက်သည်များထံ ရောက်ရှိနိုင်ရန်၊ မိမိတို့၏ကုန်ပစ္စည်းများ
ဖြန့်ဖြူးရောင်းချနိုင်ရန်၊ ကုန်ကြမ်းနှင့် လိုအပ်သော အရင်းအမြစ်များရယူနိုင်ရန်၊
ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်နှင့် မိမိတို့၏စွမ်းဆောင်ရည်အပေါ်အခြေခံ၍
ယှဉ်ပြိုင်နိုင်ရန် အခွင့်အလမ်းများ ရှိရမည်ဖြစ်ပါသည်။
ဈေးကွက်များသည်
ပွင့်လင်းပြီး ယှဉ်ပြိုင်မှုရှိသောအခြေအနေ တွင် MSME များက ပိုမိုကောင်းမွန်သော အရည်အသွေး၊ သင့်တင့်မျှတ သောဈေးနှုန်း၊
ပိုမိုကောင်းမွန်သောဝန်ဆောင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်း နှင့် ဒေသဆိုင်ရာ
အသိပညာများမှတစ်ဆင့် တိုးတက်ကြီးထွားနိုင်ပါ သည်။
သို့ရာတွင်
ဈေးကွက်များသည် မမျှတသော စီးပွားရေးအလေ့အထများကြောင့် ကန့်သတ်ပိတ်ပင် ခံရပါက
စွမ်းရည်ရှိသော MSMEများ ပင်လျှင်
မလိုအပ်သောအခက်အခဲများ၊ အတားအဆီးများနှင့် ရင်ဆိုင်ရနိုင်ပါသည်။ ထို့ကြောင့်
ယှဉ်ပြိုင်မှုမူဝါဒသည် MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့်
တိုက်ရိုက်ဆက်စပ်နေခြင်းဖြစ်ပါသည်။
တရားမျှတသော
ယှဉ်ပြိုင်မှုဆိုသည်မှာ လုပ်ငန်းကြီးများကို ဆန့်ကျင်ကန့်ကွက်ခြင်းဟု ဆိုလိုခြင်း မဟုတ်ပါ။
လုပ်ငန်းကြီးများသည်လည်း ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ဖန်တီးမှု၊
နည်းပညာဖွံ့ဖြိုးမှု၊ ထောက်ပံ့ပို့ဆောင်ရေးစနစ်၊
အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် ပို့ကုန်စွမ်းရည် မြှင့်တင်ရေးတို့ အတွက်
အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အားကောင်းသော အမျိုးသားစီးပွားရေး တစ်ရပ်အတွက်
အရွယ်အစားအမျိုးမျိုးရှိသော စီးပွားရေးလုပ်ငန်းများလိုအပ်ပါသည်။
သို့သော်
တရားမျှတသောယှဉ်ပြိုင်မှု၏ အဓိကသဘောတရားမှာ ဈေးကွက်အင်အားကို အသုံးပြု၍ လုပ်ငန်းငယ်များ၏
တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကို မမျှတစွာပိတ်ဆို့ခြင်း မပြုရဟူသည့် အချက်ပင်ဖြစ်သည်။
စီးပွားရေးအောင်မြင်မှုသည် စွမ်းဆောင်ရည်၊ ဆန်းသစ်တီထွင်မှု၊ အရည်အသွေးနှင့်
ဝန်ဆောင်မှုအပေါ် အခြေခံရမည်ဖြစ်ပြီး အခြားလုပ်ငန်းများ ဈေးကွက်အတွင်း ဝင်ရောက်ခြင်း
သို့မဟုတ် ယှဉ်ပြိုင်ခြင်းကို တားဆီးခြင်းမှတစ်ဆင့် ရရှိလာသောအောင်မြင်မှုမျိုး
မဖြစ်သင့်ပါ။
အတင်းအကျပ် တွဲဖက်ရောင်းချခြင်း
ဤကိစ္စနှင့်စပ်လျဉ်း၍
လက်တွေ့ကျသော ပြဿနာတစ်ရပ်မှာ “အတင်းအကျပ် တွဲဖက်ရောင်းချခြင်း (Forced
Bundling or Tying)” ဟုခေါ်သော အလေ့အထပင်ဖြစ်ပါသည်။
ပုံမှန်စီးပွားရေးလုပ်ငန်း ဆောင်တာများတွင် ကုန်ပစ္စည်း သို့မဟုတ်
ဝန်ဆောင်မှုများကို ပက်ကေ့ချ်ဖြင့် တွဲဖက်ရောင်းချခြင်း သည် စားသုံးသူများအတွက်
အကျိုးရှိနိုင်ပြီး သင့်လျော်သော စီးပွားရေးအလေ့အထတစ်ရပ်လည်း ဖြစ်နိုင်ပါသည်။
သို့သော်
ဈေးကွက်အင်အားကြီးမားသော လုပ်ငန်းတစ်ခုက ဖောက်သည်များအား ကုန်စည်သို့မဟုတ်
ဝန်ဆောင်မှုတစ်ခုရရှိလိုပါက အခြားကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို
မဖြစ်မနေဝယ်ယူရမည် ဟု သတ်မှတ်ပြဋ္ဌာန်းပြီး ထိုသို့သောအလေ့အထကြောင့် စားသုံးသူများ၏
ရွေးချယ်ခွင့်ကို ကန့်သတ်ခြင်း၊ ပြိုင်ဘက်လုပ်ငန်းများကို ဈေးကွက်မှ ဖယ်ထုတ်ခြင်း
သို့မဟုတ် လုပ်ငန်းငယ်များ ဈေးကွက်သို့ ဝင်ရောက်နိုင်မှုကို
အဟန့်အတားဖြစ်စေခြင်းတို့ဖြစ်ပေါ်လာပါက ယင်းသည် ယှဉ်ပြိုင်မှု ဆိုင်ရာ စိုးရိမ်ဖွယ်ရာ
ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ခံရနိုင်ပါသည်။
MSMEများအတွက် ဤကိစ္စသည် အလွန်အရေးပါသောပြဿနာ တစ်ရပ်ဖြစ်နိုင်ပါသည်။ အသေးစား
သို့မဟုတ် အလတ်စား လုပ်ငန်းတစ်ခုတွင် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ၊
သင့်တင့်မျှတသော ဈေးနှုန်းများနှင့် ဒေသတွင်း၌ ခိုင်မာသောဝယ်လို
အားများရှိနေသော်လည်း ဖောက်သည်များသည် ဈေးကွက်အင်အား ကြီးမားသောလုပ်ငန်းတစ်ခုက
ထိန်းချုပ်ထားသည့် တွဲဖက်ရောင်းချမှု အစီအစဉ်များအတွင်း အမှန်တကယ်
ချုပ်နှောင်ခံထားရပါက ယင်း MSME သည် ဈေးကွက်အတွင်း
ဝင်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲများ ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့သော
အခြေအနေမျိုးတွင် ပြဿနာသည် MSME ၏
အားနည်းချက်ကြောင့်မဟုတ်ဘဲ ဈေးကွက် ကိုယ်တိုင်က တရားမျှတပြီး စွမ်းဆောင်ရည်အပေါ်
အခြေခံသော ယှဉ်ပြိုင်မှုများဖြစ်ပေါ်ရန် လုံလောက်စွာ ဖွင့်လှစ်ထားခြင်းမရှိခြင်း
ကြောင့်
ဖြစ်နိုင်ပါသည်။
ထို့ကြောင့်
မမျှတသော တွဲဖက်ရောင်းချမှုများ၊ ကန့်သတ် ချုပ်ချယ်သော စီးပွားရေးအစီအစဉ်များနှင့်
ဈေးကွက်အင်အားကို အလွဲသုံးစားပြုခြင်းများအား တားဆီးကာကွယ်ခြင်းသည် MSME ဖွံ့ဖြိုး တိုးတက်ရေးနှင့် သီးခြားစီမဟုတ်ဘဲ တရားမျှတသော
စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးတည်ဆောက်ခြင်း၏ အရေးပါသော
အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ဈေးကွက်တွင်
အင်အားကြီးမားသောလုပ်ငန်းများက တာဝန်ယူမှုရှိစွာဖြင့် ယှဉ်ပြိုင်ဆောင်ရွက်သည့် အခါ
MSMEများအတွက် မိမိတို့၏ လုပ်ငန်းများကို
တိုးတက်ကောင်းမွန်စေရန်၊ ဆန်းသစ်တီထွင်နိုင်ရန် နှင့် ချဲ့ထွင်ကြီးထွားနိုင်ရန်
နေရာပိုမိုရရှိလာမည်ဖြစ်ပါသည်။ ထို့အပြင် စားသုံးသူများအနေဖြင့်လည်း
ရွေးချယ်စရာများ ပိုမိုများပြားလာခြင်း၊ ပိုမိုကောင်းမွန်သော အရည်အသွေးရှိသည့်
ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများရရှိခြင်းနှင့် မျှတသောဈေးနှုန်းများဖြင့်
ဝယ်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရရှိနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည်
ယှဉ်ပြိုင်မှုဥပဒေ၏ ရည်ရွယ်ချက်များနှင့်အညီ တရားမျှတသော ယှဉ်ပြိုင်မှုကို
မြှင့်တင်ပေးခြင်း၊ ယှဉ်ပြိုင်မှုကို ထိခိုက်စေသောအပြုအမူများကို တားဆီးခြင်းနှင့်
စီးပွားရေးလုပ်ငန်းများ မျှတစွာယှဉ်ပြိုင်နိုင်သည့် စီးပွားရေးပတ်ဝန်းကျင်တစ်ရပ်ကို
ဖန်တီးပေးခြင်း တို့တွင် အရေးပါသောအခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
ယင်းအခန်းကဏ္ဍကို နိုင်ငံတော်၏ MSME ဖွံ့ဖြိုးတိုးတက်ရေး
ကြိုးပမ်းဆောင်ရွက်မှုများနှင့် အပြန်အလှန် အထောက်အကူပြုသော ဆောင်ရွက်ချက် တစ်ရပ်အဖြစ်
နားလည်သင့် ပါသည်။
ယှဉ်ပြိုင်မှုမူဝါဒသည်
MSMEများအတွက် သင်တန်းပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း၊
နည်းပညာ အကူအညီပေးခြင်း သို့မဟုတ် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို
အစားထိုးခြင်း မဟုတ်ပါ။ ယင်းအစား MSMEများသည် မိမိတို့၏
စွမ်းဆောင်ရည်များကို ဈေးကွက်အတွင်း အမှန်တကယ် အသုံးချနိုင်စေရန် အာမခံပေး
ခြင်းအားဖြင့် အဆိုပါ ကြိုးပမ်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေပါသည်။
ဥပမာအားဖြင့် MSME များသည် လိုအပ်သောသင်တန်းများနှင့် နည်းပညာအကူအညီများ
ရရှိထားသော် လည်း ဈေးကွက်သို့ ယှဉ်ပြိုင်ဝင်ရောက်နိုင်မှုမရှိပါက ၎င်းတို့၏
တိုးတက်မှုအလားအလာများကို အပြည့်အဝ ဖော်ထုတ်နိုင်မည်မဟုတ်ပါ။ ထို့အပြင်
ငွေကြေးထောက်ပံ့မှုများ ရရှိထားသော်လည်း ဈေးကွက်မှ ဖယ်ထုတ်ခံရစေသော အလေ့အထများနှင့်
ရင်ဆိုင်နေရပါက ၎င်းတို့၏ တိုးတက်ကြီးထွားမှုမှာ ကန့်သတ်ခံနေရဆဲဖြစ်ပါလိမ့်မည်။
ထုတ်ကုန်အရည်အသွေးကို
မြှင့်တင်နိုင်ခဲ့သော်လည်း ဖောက်သည်များသည် ကန့်သတ်ချုပ်ချယ်သော စီးပွားရေး အစီအစဉ်များအောက်တွင်
ချုပ်နှောင်ခံထားရပါက MSMEများ၏ ထုတ်လုပ်မှုစွမ်းအားမှ
ရရှိနိုင်မည့် အကျိုးကျေးဇူးများကို စီးပွားရေးစနစ်တစ်ခုလုံးက ဆုံးရှုံးရမည်ဖြစ်ပါသည်။
ထို့ကြောင့် MSMEများအား ပံ့ပိုးကူညီရေးနှင့် တရားမျှတသော
ယှဉ်ပြိုင်မှုကိုမြှင့်တင်ရေးတို့သည် တစ်ပြိုင်နက်တည်း အပြန်အလှန်
ဖြည့်ဆည်းပေးလျက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ ဖြစ်ပါသည်။
စီးပွားရေးစနစ်တစ်ရပ်လုံးပါဝင်သော ချဉ်းကပ်နည်း
MSMEများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးစနစ် တစ်ရပ်လုံးပါဝင်သော
ချဉ်းကပ်နည်း (Whole of Economy Approach) တစ်ရပ်
လိုအပ်ပါသည်။ ဤချဉ်းကပ်နည်းတွင် အစိုးရဌာနများ၊ စည်းမျဉ်း ကြီးကြပ်ရေးအဖွဲ့အစည်းများ၊
ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ကုန်သည်စက်မှုအသင်းအဖွဲ့များ၊ လုပ်ငန်းကြီးများ၊
သင်တန်းပေးရေး အဖွဲ့အစည်းများနှင့် MSME အသင်းအဖွဲ့များအားလုံးသည်
မိမိတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။
ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့်
MSMEများ၏ လုပ်ငန်း သဘောသဘာဝနှင့်ကိုက်ညီသော ငွေကြေးဝန်ဆောင်မှု
ထုတ်ကုန်များကို ဖန်တီးပေးခြင်းဖြင့် အထောက်အကူပြုနိုင်ပါသည်။ သင်တန်းပေးရေး အဖွဲ့အစည်းများအနေဖြင့်
MSME
လုပ်ငန်းရှင်များအား စီးပွားရေး အစီအစဉ် ရေးဆွဲခြင်း၊
စာရင်းကိုင်စနစ်များ စီမံခန့်ခွဲခြင်း၊ အရည်အသွေးထိန်းချုပ်ခြင်း၊ ကုန်အမှတ်တံဆိပ်
တည်ဆောက်ခြင်းနှင့် ဒီဂျစ်တယ်စွမ်းရည်များတိုးတက်စေရန် ကူညီ ပံ့ပိုးပေးနိုင်ပါသည်။
လုပ်ငန်းကြီးများအနေဖြင့်
တရားမျှတသော ဝယ်ယူရေးစနစ်များ၊ တာဝန်ယူမှုရှိသော ဖြန့်ဖြူး ရောင်းချရေး အလေ့အထများနှင့်
မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ပုံစံများမှတစ်ဆင့် MSME များကို အားပေးကူညီနိုင်ပါသည်။ စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့အစည်းများကလည်း
ရှင်းလင်းပြတ်သားမှု၊ တရားမျှတမှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှုတို့ကို
မြှင့်တင်ပေးနိုင်ပါသည်။
ကိုယ်ပိုင်တာဝန်ဝတ္တရားများရှိ
MSME လုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်သူများတွင်လည်း ကိုယ်ပိုင်တာဝန်ဝတ္တရားများရှိပါသည်။
၎င်းတို့အနေဖြင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုအရည်အသွေးများကို ဆက်လက်မြှင့်တင်ရန်၊
မျှတသော ဈေးနှုန်းများ ထိန်းသိမ်းထားရန်၊ ပိုမိုကောင်းမွန်သော
စီမံခန့်ခွဲမှုနည်းလမ်းများကို ကျင့်သုံးရန်၊ ဖြစ်နိုင်သမျှ နည်းပညာများ ကို
အသုံးပြုရန်နှင့် ဖောက်သည်များ၏ ယုံကြည်မှုကို တည်ဆောက် ထိန်းသိမ်းရန်
လိုအပ်ပါသည်။ တရားမျှတသောယှဉ်ပြိုင်မှုသည် အခွင့်အလမ်းများကို ကာကွယ်ပေးနိုင် သော်လည်း
ရေရှည်အောင်မြင်မှုမှာ စည်းကမ်းရှိမှု၊ ထုတ်လုပ်မှုစွမ်းရည်နှင့် စဉ်ဆက်မပြတ်
တိုးတက်အောင် ကြိုးပမ်းမှုများအပေါ်တွင်သာ မူတည်နေဆဲဖြစ်ပါသည်။
ရည်ရွယ်ချက်မှာ
စွမ်းဆောင်ရည်နိမ့်ကျသောလုပ်ငန်းများကို ယှဉ်ပြိုင်မှုမှ ကာကွယ်ပေးရန်မဟုတ်ဘဲ
ယှဉ်ပြိုင်မှုကိုယ်တိုင် တရားမျှတစေရန်ဖြစ်ပါသည်။ တရားမျှတသော ဈေးကွက်တစ်ခုတွင်
ပိုမို ကောင်းမွန်သော ကုန်ပစ္စည်းများ၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ၊
သင့်တင့်မျှတသော ဈေးနှုန်းများနှင့် ထိရောက်သောစီမံခန့်ခွဲမှုများကို
ကျင့်သုံးသည့်လုပ်ငန်းများက ပိုမိုအောင်မြင်နိုင် ပါသည်။ ယင်းသည်
စီးပွားရေးလုပ်ငန်းများကို မိမိတို့ကိုယ်တိုင် ဆက်လက် တိုးတက်အောင် ကြိုးပမ်းစေရန်
အားပေးနိုင်ပြီး စားသုံးသူများအတွက် ရွေးချယ်စရာများ ပိုမိုများပြားစေပါသည်။
ထို့အပြင် အရည်အချင်း ရှိသော MSMEများကို ခိုင်မာသော
ဒေသတွင်းလုပ်ငန်းများ၊ ဒေသအဆင့် စီးပွားရေးလုပ်ငန်းများ၊ အမျိုးသားအဆင့်
ကုန်အမှတ်တံဆိပ်များနှင့် အနာဂတ် ပို့ကုန်လုပ်ငန်းများ အဖြစ်
ကြီးထွားဖွံ့ဖြိုးလာစေရန် အခွင့်အလမ်းများ ဖန်တီးပေးပါသည်။
အကယ်၍
နိုင်ငံအနေဖြင့် MSMEများကို
လိုအပ်သောပံ့ပိုးမှုများ ရရှိနိုင်သောပတ်ဝန်းကျင်တစ်ရပ်၊ လုပ်ငန်းကြီးများက
တာဝန်ယူမှုရှိစွာ ယှဉ်ပြိုင်သော ပတ်ဝန်းကျင်တစ်ရပ်၊ စားသုံးသူများက မျှတသော
ဈေးနှုန်းများနှင့် ရွေးချယ်ခွင့်များ ပိုမိုရရှိနိုင်သော ပတ်ဝန်းကျင်တစ်ရပ်နှင့်
ယှဉ်ပြိုင်မှုကို ထိခိုက် စေသော အပြုအမူများကို ထိရောက်စွာ
ကိုင်တွယ်ဖြေရှင်းနိုင်သော ပတ်ဝန်းကျင်တစ်ရပ်ကို ဆက်လက် တည်ဆောက်နိုင်မည်ဆိုပါက MSME ဖွံ့ဖြိုးတိုးတက်ရေးသည် အားလုံးပါဝင်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်
ပိုမိုခိုင်မာသော အခြေခံ အုတ်မြစ်တစ်ရပ်ဖြစ်လာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်
ရပါသည်။ ။
No comments