အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် မစ္စတာ ချတ်ချိုင် ဘန်ချွတ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ




နေပြည်တော် ဩဂုတ် ၂၈

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် မစ္စတာ ချတ်ချိုင်ဘန်ချွတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ယနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်လုံခြုံရေးအခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလိမ်လည်မှုတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် သတင်းအချက်အလက် လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ နယ်စပ်ဂိတ်များနှင့် နှစ်နိုင်ငံကုန်သွယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ အာဆီယံဒေသတွင်း ထိတွေ့ဆက်ဆံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ညပိုင်းတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် မစ္စတာ ချတ်ချိုင် ဘန်ချွတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ဂုဏ်ပြုညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် မစ္စတာ ချတ်ချိုင် ဘန်ချွတ်တို့က နှုတ်ခွန်းဆက် စကားများပြောကြားခဲ့ပြီး ညစာသုံးဆောင်စဉ် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


ဂုဏ်ပြုညစာစားပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်တို့က အပြန်အလှန်လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။


ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဩဂုတ် ၂၆ ရက်တွင် ရောက်ရှိခဲ့ကာ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၊ နေပြည်တော်ရှိ အမျိုးသားပြတိုက်နှင့် ရတနာဆင်ဖြူတော်အဆောင်ရှိ ဆင်ဖြူတော်များအား သွားရောက်လေ့လာခဲ့ကြပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအားလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လည်းကောင်း သွားရောက်ဖူးမြော်ကြကာ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.