ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကနဦးစီမံချက်ရေးဆွဲဆောင်ရွက်မည်



မန္တလေး ဩဂုတ် ၁၇


ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့် ဒေသသုံးခု ရှိ ကျေးလက်နေအမျိုးသမီးများအတွက် ကျေးလက်နေ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ကနဦးစီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၏ ပြောကြားချက်အရ သိရသည်။


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စီမံချက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးလက်စာကြည့်တိုက် များဖွင့်လှစ်နိုင်ရန် ကူညီပံ့ပိုးရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး အနည်းဆုံး Grade-9 အထိ ပညာသင်ကြားနိုင်ရေး၊ အမျိုးသမီးများအနေဖြင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များနှင့် ပူးပေါင်း၍ public- private partnership ဆောင်ရွက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံချက် နယ်မြေများတွင် ကျန်းမာရေးနှင့်အာဟာရ၊  သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး စသည့်ကဏ္ဍများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ အမျိုးသမီးများ၏ အမူအကျင့်များ ပြောင်းလဲလာအောင် သင်တန်းများ ပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။


အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်နှင့် ရမည်းသင်း ခရိုင်တို့ကို စံပြခရိုင်များအဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားကြောင်း၊ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ အမရပူရနှင့် မြစ်သားမြို့နယ်တို့ရှိ ကျေးရွာသုံးရွာစီဖြင့် ကျေးရွာ ၁၅ ရွာ ဆောင်ရွက်မည့်အစီအစဉ်၌ မိတ္ထီလာ ခရိုင်တွင် ကျေးရွာရှစ်ရွာနှင့် ရမည်းသင်းခရိုင်တွင် ကျေးရွာလေးရွာ ထပ်မံထည့်သွင်းပြီး ကျေးရွာ ၂၇ ရွာ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။


ထို့ပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်နှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.