အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၆) သင်တန်းဖွင့်
ရန်ကုန် ဩဂုတ် ၁၇
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်
(၁၆)၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)
ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့
အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့်
တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
ဦးတင်မောင်ဝင်းက သင်တန်းသား သင်တန်းသူများသည် ပြန်တမ်းဝင်အရာရှိဖြစ်လာရန် အရည်အချင်း
စစ်ဆေးမှုအဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီး၌ လစ်လပ်လျက်ရှိသော
စတင်ခန့်ရာထူးနေရာများအတွက် ရွေးချယ်ခံခဲ့ကြရ သူများဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများသည်
နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ကာ
နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်
အမိန့်ညွှန်ကြားချက်များအပြင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး ၃၀ ကို စံပြအဖြစ် ကိုယ်တိုင်လိုက်နာပြီး
လက်အောက်ဝန်ထမ်းများကို လမ်းညွှန်ပေးရန်၊ စိတ်ဓာတ် စည်းကမ်းကောင်းမွန်ပြီး အလုပ်အပေါ်စေတနာထားကာ
အနာဂတ်အတွက် အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး အားထုတ်ကြရန် တိုက်တွန်းမှာကြားသည်။
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်
(၁၆)သို့ သင်တန်းသား ၃၉ ဦး၊ သင်တန်းသူ ၁၀၇ ဦး စုစုပေါင်း ၁၄၆ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ
ဩဂုတ် ၁၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည်
တက္ကသိုလ်အစည်းအဝေးခန်းမတွင် တက္ကသိုလ်မှ ပညာရပ်အဖွဲ့နှင့်တွေ့ဆုံ၍ ပညာဌာနများမှ သင်တန်းအလိုက် ဆွေးနွေးပို့ချသည့်
ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများအပေါ် သုံးသပ်တင်ပြခြင်း အစီအစဉ်သို့ တက်ရောက်ပြီး
ပြင်ဆင်ဖြည့်စွက်သည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments