တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)၌ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ လေ့လာ

 



နေပြည်တော် ဩဂုတ် ၂၇


ကျောင်းသား လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတော်သမိုင်းနှင့် တပ်မတော်သမိုင်း အစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။


ယင်းသို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇေယျာသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကြို့ပင်ဆိပ်)မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။


ဦးစွာ ကျောင်းသား ကျောင်းသူများ နှင့် ဆရာ ဆရာမများသည် မြန်မာ့ တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ကျောင်းသား ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများ ပြင်ပပြကွက်များတွင် ခင်းကျင်း ပြသထားသည့် တပ်မတော်(ကြည်း) ပြင်ပပြကွက်တွင် ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့် သံချပ်ကာများ၊ တပ်မတော် (ရေ) ပြင်ပပြကွက်တွင် စစ်ရေယာဉ် ပုံစံတူများနှင့် အမြောက်များ၊ တပ်မတော် (လေ)ပြင်ပပြကွက်တွင် ခေတ် အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော် လေယာဉ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။


ထို့ပြင် လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူ များအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ဆုအဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.