မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိ

 


မန္တလေး ဩဂုတ် ၂၇

 

မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းဘုရား စေတီပုထိုးနှင့် သာသနိကအဆောက်အအုံများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အနီးကပ်ကြီးကြပ်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (SOP)နှင့်အညီ ခေတ်မီနည်းပညာများဖြင့် ရှေးမူလက်ရာအတိုင်း ပြန်လည်ပြုပြင် မွမ်းမံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအနေဖြင့် ၅၁ ဆူရှိခဲ့ပြီး ငါးဆူပြင်ဆင်ဆောင်ရွက်ပြီးစီး၍ ဆောင်ရွက်ဆဲ ၂၁ ဆူရှိပြီး သမိုင်းဝင်လောကမာန်အောင် ဆုတောင်းပြည့် ရွှေစည်းခုံစေတီတော်မြတ်အား ခေတ်မီနည်းပညာများဖြင့် ရှေးမူလက်ရာအတိုင်း ပြန်လည် ပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ ဓမ္မဒူတ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လိုက်လံကြည့်ရှုကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမရပူရခရိုင် အမရပူရမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် UID များ One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူ ၂၂၀ အတွက် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များပေးအပ်သည်။

 

လမင်းစီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်ချိန်မှစ၍ အခြေခံပညာ ကျောင်းများ၌ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ထုတ်ပေးခြင်းကို One Stop Service ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်ထိ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၉၀ ကျော်မှ ကျောင်းသားကျောင်းသူ ၅၂၀၈၈ ဦးကျော်ကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.