လေးမျက်နှာမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 



နေပြည်တော် ဩဂုတ် ၁၃


ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ် ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့ရာ ယနေ့အထိ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၁ ရွာ၊ ဟင်္သာတမြို့နယ် အတွင်းရှိ ကျေးရွာ ၃၇ ရွာ၊ ရေကြည်မြို့ မြို့ပေါ်ရပ်ကွက် လေးခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၇ ရွာ၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ရှိ မြို့ပေါ်ရပ်ကွက် နှစ်ခု၊ ကျုံပျော် မြို့ရှိ မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ကိုးရွာ စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာ ၁၉၄ ရွာသို့ ရေဝင်ရောက် မှုများ ဖြစ်ပွားခဲ့သည်။


ထို့ကြောင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားများ စုပေါင်း၍ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူ များအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံ ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ငဝန် ပန်းတာမှ ရေဝင်လမ်း ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် ငဝန် ပန်းတာ ရေဝင်လမ်းအား Geobags အိတ်များချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်း၊ Steel Sheet Pile ရိုက်သွင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.