မကွေးမြို့ရှိ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
မကွေး ဩဂုတ် ၁၃
မကွေးမြို့ရှိ ဆားရွှေကင်းရပ်ကွက်၊ အောင်မေတ္တာ ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ ဆုံရပ်ရပ်ကွက်နှင့် မယ်လှတောင်ကျေးရွာအုပ်စု သင်္ဘာဆိပ်ကျေးရွာ၏ အနိမ့်ပိုင်းနေရာများသို့ ဧရာဝတီမြစ်ရေ ဝင်ရောက် လာမှုကြောင့် ရေဘေးလွတ်ရာ စခန်းများသို့ အိမ်ထောင်စု ၁၂၇ စုမှ ပြည်သူ ၅၁၅ ဦး ပြောင်းရွှေ့ ခဲ့ရသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တာဝန်ရှိသူများနှင့် အတူ ယနေ့တွင် မကွေးမြို့ အောင်မေတ္တာရပ်ကွက် သာသနပါလဓမ္မာရုံ၌ သွားရောက်ထောက်ပံ့ပေး သည်။
ရေဘေးရှောင်အိမ်ထောင်စုများအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်တို့ကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးက ရေဘေးရှောင်ပြည်သူ ၅၁၅ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၂၆၂၅၀၀၀ ကို လည်းကောင်း ထောက်ပံ့ပေးအပ်သည်။
နံနက်ပိုင်းကလည်း မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ပြီး မိခင်နို့တိုက်ကျွေးမှု စံပြ မိခင်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများပေးအပ်သည်။
ထို့ပြင် အသက် ငါးနှစ်အောက် ကလေးများကို အင်အားပြည့်ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးပြားများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments