ဇလွန်မြို့နယ်ရှိ ဧရာဝတီ-ဟင်္သာတတာ ကြံ့ခိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်၊ အလှည့်ကျ ကင်းလှည့်စောင့်ကြည့်မည့်အဖွဲ့များဖြင့် မပြတ်စောင့်ကြည့်သွားကြရန် မှာကြား



နေပြည်တော် ဩဂုတ် ၁၃


ဇလွန်မြို့နယ်ရှိ ဧရာဝတီ - ဟင်္သာတတာ ကြံ့ခိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရန်၊ အလှည့်ကျ ကင်းလှည့်စောင့်ကြည့်မည့် အဖွဲ့များဖြင့် မပြတ်စောင့်ကြည့်သွားကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ယမန်နေ့တွင် အဆိုပါတာအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့သည်။


ဧရာဝတီ-ဟင်္သာတတာ တာမိုင် (၃၀/၀)မှ (၃၀/၃)နေရာနှင့် တာမိုင် (၃၂/၀)မှ တာမိုင်(၃၂/၃)နေရာ တို့ကို ရေခွေပြုလုပ်၍ သဲအိတ်ချ ကာကွယ်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။


ထို့ပြင် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ် ကျေးရွာအနီး ဟင်္သာတကမ်းနား တာ တာမိုင်(၅/၄)ရှိ ရေကင်းစခန်း အမှတ်(၉)အား လည်းကောင်း၊ တာမိုင်(၅/၃)ရှိ တာတမံနှင့် မြစ်ကမ်း အခြေအနေကိုလည်းကောင်း၊ ဖြတ်တာ (၁-င)တာနှင့် မဲဇလီညွန်ဖြတ်တာတို့ကို လည်း ကောင်း၊ ကြည့်ရှုစစ်ဆေးပြီး တာတမံ ထိခိုက်စေနိုင်သည့် အချက်များတွေ့ရှိပါက ကာကွယ် ရန်နည်းလမ်းများ၊ သတိပြုရမည့် အချက်များ၊ အချိန်မီကာကွယ်နိုင် ရေးလုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပြီး စဉ်ဆက်မပြတ် ရေကင်းလှည့် ကြရန်၊ စုဆောင်းထားရှိသည့် အရေးပေါ်ပစ္စည်းများကို လိုအပ်သည့်နေရာများသို့ အမြန်ဆုံး သယ်ယူပို့ဆောင်နိုင်ရေးနှင့် ထပ်မံ လိုအပ်ပါက ရေလမ်း၊ ကုန်းလမ်းမှ ဖြည့်စွက်ထားရှိနိုင်ရေး ကြိုတင် စီစဉ်ထားရန် အသေးစိတ်ဆွေးနွေး မှာကြားသည်။


ဩဂုတ် ၁၀ ရက် ညနေပိုင်းက လေးမျက်နှာမြို့နယ် သခွတ်ချောင်း ကျေးရွာ ရေကင်းစခန်းအမှတ်(၂) အနီး တာမိုင် (၂၆/၃)မှ(၂၆/၄) အတွင်း၊ အုတ်အိုင်ကျေးရွာအနီး တာမိုင်(၂၇/၀)မှ(၂၇/၁) အတွင်း၊ အိုင်သပြုကျေးရွာအနီး တာမိုင် (၃၁/၂)မှ(၃၁/၃)အတွင်းရှိ ငဝန် ရေကာတာ၏ ကြံ့ခိုင်မှု၊ ငဝန်မြစ် ကြောင်းတစ်လျှောက် သဲသောင် ဖြစ်ပေါ်နေမှု၊ ကမ်းပြိုကမ်းစား ဖြစ်ပေါ်နေမှု၊ အိုင်သပြုကျေးရွာ အနီး Geotextile အစများဖြင့် ကမ်းပြိုကမ်းစားကာကွယ်ထားမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် နေရာများတွင် ကမ်းပြို ကမ်းစား လျော့နည်းရေးနှင့် ရေကာတာများ ရေတိုက်စားမှု သက်သာစေရေးအတွက် ရေလမ်းကြောင်း ပြန်တည့်ခြင်းနှင့် သဲသောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နည်းပညာပိုင်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.