ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်း ၃၂၃၃ ဧက စိုက်ပျိုးမည်



ပွင့်ဖြူ      ဩဂုတ်     ၃၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ ၃၂၃၃ ဧက လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံ ၃၂၃၃ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါ ပဲလွမ်းစိုက်ပျိုးခြင်းကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကာ တောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရန်အတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများ ၊ ဒေသနဲ့ ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မျိုးများ စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲလွမ်းသီးနှံ ၃၂၃၃ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ သတ်မှတ်စိုက်ဧက ပြည့်မီဖို့နဲ့ သီးနှံအထွက်နှုန်းများ တိုးတက်စေဖို့အတွက် တောင်သူတွေကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားမှာပါ။ ပဲလွမ်းသီးနှံစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် ၊ စိုက်နည်းစနစ်များ မှန်ကန်ပြီး သွင်းအားစုပစ္စည်းတွေ စနစ်တကျ သုံးစွဲကြဖို့ အသိပညာပေးလုပ်ငန်းတွေ ကူညီဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင် စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်အောင်လဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ပဲလွမ်းသီးနှံ စိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ယခုနှစ် ပဲလွမ်းစိုက်ပျိုး တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံအထွက်နှုန်း တိုးတက်စေရန်အတွက် အထွက်နှုန်း ကောင်းသော မျိုးများ ရရှိရေး ၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ၊ ပိုးမွှားရောဂါကင်းရှင်းရေး ၊ စိုက်ပျိုးရေ စနစ်တကျ သုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပဲလွမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချခြင်းဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပဲလွမ်းကို ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

No comments

Powered by Blogger.