လာလီဂါပွဲစဉ် (၃) တွင် အက်သလက်တီကိုမက်ဒရစ်၊ ဆိုစီဒက်တို့ နိုင်ပွဲရပြီး ဗီလာရီးရဲ ရှုံးပွဲကြုံ
စပိန်လာလီဂါပွဲစဉ် (၃) မှ ဩဂုတ် ၃၀ ရက် နံနက် ၂ နာရီက ယှဉ်ပြိုင်ကစားခဲ့သည့် ဆီဗီလာနှင့် အက်သလက်တီကို မက်ဒရစ်အသင်းပွဲစဉ်တွင် အက်သလက်တီကိုမက်ဒရစ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
ဆီဗီလာအသင်းသည် ခြေစွမ်းသာလွန်မှုရှိသော်လည်း အသင်းကစားသမားများ၏ အဆုံးသတ်ပိုင်းလိုအပ်ချက်ကြောင့်
ယခုနှစ်ရာသီ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရသည်။ ပထမပိုင်းတွင် သုံးဂိုးပြတ်ဦးဆောင်နိုင်ခဲ့သော အက်သလက်တီကို မက်ဒရစ်အသင်းသည် ဒုတိယပိုင်းတွင် ဆီဗီလာအသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားရခဲ့သည်။
အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်ကစားသမား
အဲလက်စ်ဘာအဲနာ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းယူ နိုင်ခဲ့သည်။ ၎င်းသည် အဆိုပါသွင်းဂိုးများကြောင့် ယခုနှစ်ရာသီ လာလီဂါပွဲစဉ် သုံးပွဲကစားအပြီးတွင် သွင်းဂိုး သုံးဂိုးရှိလာပြီဖြစ်သည်။
အက်သလက်တီကိုမက်ဒရစ်အသင်း ဂိုးသမား ဂျန်အော့ဘလက်သည် ပြိုင်ဘက် ဆီဗီလာအသင်း၏ ဂိုးရရှိနိုင်သည့်
အခွင့်အရေး လေးကြိမ်ထက်မနည်းကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။
အက်သလက်တီကိုမက်ဒရစ်အသင်းသည် ယခုအနိုင်ပွဲကြောင့် လာလီဂါပွဲစဉ်(၃) အပြီးတွင် ရှုံးပွဲကြုံတွေ့ထားခြင်း မရှိဘဲ
နှစ်ပွဲနိုင်တစ်ပွဲ သရေဖြင့် ရမှတ်ခုနစ်မှတ် ရရှိထားသည်။ ပြိုင်ဘက်ဆီဗီလာအသင်းက သုံးပွဲကစားပြီး
နှစ်ပွဲနိုင် တစ်ပွဲရှုံးဖြင့် ရမှတ်ခြောက်မှတ်ရရှိထားသည်။
အခြားပွဲစဉ်ရလဒ်များတွင်
အလာဗက်စ်က ဗီလာရီးရဲကို တစ်ဂိုး-ဂိုးမရှိ၊ လီဗန်တေးက ဘက်တစ်ကို
ငါးဂိုး- နှစ်ဂိုး၊ ဆိုစီဒက်က အက်စပန်ညိုကို နှစ်ဂိုး-တစ်ဂိုးဖြင့် အသီးသီးနိုင်ပွဲရရှိခဲ့သည်။
အောင်ဇော်

No comments