တစ်သျှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းမှ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖော်ဆောင်ပေး
ကျောက်ဆည် ဩဂုတ် ၂၃
လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဓာတ်တော ကျေးရွာ၌ တစ်သျှူးငှက်ပျော စိုက်ပျိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းသည် ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ်၊ ဘွဲ့လွန်ပညာ သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများနှင့် အတူ ကြည့်ရှုအားပေးသည်။
ဦးစွာ တစ်သျှူးငှက်ပျော စိုက်ပျိုးသည့် ဘိုမြင့်သူကုမ္ပဏီ အထွေထွေမန်နေဂျာက လက်ရှိ စိုက်ပျိုးထားသည့် တစ်သျှူး ငှက်ပျောမျိုးများအကြောင်း၊ စိုက်ပျိုးနည်းစနစ်၊ အပင်ပြုစုခြင်းနှင့် ဈေးကွက်ရွေးချယ်ရောင်းချသည့် နည်းစနစ်များကို ရှင်းလင်း ပြောကြားပြီး ဇီဝနည်းပညာ သုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ)က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၊ ဖွင့်လှစ်ပေးလျက်ရှိသည့် သင်တန်းများနှင့် လွှဲပြောင်းပေးအပ်ခဲ့သည့် သုတေသနများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေး၊ နည်းပညာတတ်ကျွမ်းသည့် လူငယ်များနှင့်ပေါင်းစပ်၍ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်ရရှိရေး လက်တွဲဆောင်ရွက်ရန် အမှာစကားပြောကြားပြီး ကုမ္ပဏီသို့ စိုက်ပျိုးရေး သွင်းအားစုများ ပေးအပ်ကာ တစ်သျှူးငှက်ပျော စိုက်ခင်းကို ကြည့်ရှုလေ့လာသည်။
အလားတူ ကျောက်ဆည်မြို့ လမ်းဦးစီးရိပ်သာ အစည်းအဝေး ခန်းမ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် တက္ကသိုလ်များ၊ ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လူငယ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments