ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများနှင့် တွေ့ဆုံ
လွိုင်ကော် ဩဂုတ် ၂၃
ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက လောပိတစံပြကျေးရွာ ခန်းမ၌ မထောခူကျေးရွာအုပ်စု ဇရပ်ဖြူ၊ ဝမ်ကွန်၊ မထောခူအပေါ်၊ မထောခူ အောက်၊ ရေနီကန်၊ လောလာလိ၊ ပိုးစာခြံနှင့် လောပိတကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံရာ ပြည်သူများက မိမိတို့ကျေးရွာအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
ရှင်းလင်းပြောကြား
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများအားလုံး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာ အခန်းကဏ္ဍမှ တာဝန်ယူဆောင် ရွက်လျက်ရှိပါကြောင်း၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်မှုသည် တည်ငြိမ်အေးချမ်းမှုနှင့် တိုက်ရိုက်အချိုးကျသည့်အတွက် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍများတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လူငယ်ရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ပြည်သူများက မိမိတို့ကျေးရွာ အလိုက် လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန်များကို တင်ပြ၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက လက်ရှိဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ကွင်းဆင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည် ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments