အီရန်နှင့် အမေရိကန်တို့အကြား ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်ရှိတွင် မသေချာမရေရာဖြစ်နေ ကြောင်း အီရန်သမ္မတ ပြောကြား

 


တီဟီရန်   ဩဂုတ်  ၃၀

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အီရန်နှင့် အမေရိကန်တို့အကြား လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) သည် အီရန်နိုင်ငံ၊  အနောက်အာရှနှင့် ကမ္ဘာကြီးအတွက် အကျိုးရှိစေသော်လည်း လက်ရှိတွင် မသေချာမရေရာသည့် အခြေအနေတွင်ရှိနေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ခြင်းအားဖြင့် အမေရိကန်နှင့် အစ္စရေးတို့က ဒေသတွင်း၌ မငြိမ်မသက်မှုများ၊ ကျူးကျော်တိုက်ခိုက်မှုများနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ဖန်တီးနိုင်တော့မည်မဟုတ်ကြောင်းနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို  လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း   ၎င်းက အလေးပေးပြောကြားခဲ့သည်။

အီရန်နိုင်ငံသည် စစ်ပွဲကို စတင်ဖန်တီးသူ ဘယ်သောအခါမျှ မဖြစ်ခဲ့ဖူးကြောင်း၊ ၎င်းတို့အနေဖြင့် စစ်ပွဲကို လိုလားခြင်း မရှိသော်လည်း မည်သည့်ကျူးကျော်သူကိုမဆို ပြင်းထန်စွာ ခုခံတွန်းလှန်သွားမည်ဖြစ်ပြီး  ၎င်းတို့၏ စွမ်းအားနှင့် ဆန္ဒအပြည့်အဝဖြင့် ရပ်တည်နေသော နိုင်ငံတစ်နိုင်ငံကို လက်နက်ချစေရန် မည်သည့်အင်အားစုကမျှ အတင်း အကျပ်  ပြုလုပ်နိုင်မည်မဟုတ်ပါကြောင်း  အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် ကိုယ်ကျိုးစီးပွားအတွက် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်များကို လိုသလိုခြယ်လှယ်ရန်နှင့် အီရန်အပေါ် အမေရိကန်၏ စစ်ပွဲကို ဆက်လက်ကြာရှည်စေရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်နေကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး ဆာယက် အာဘတ်စ် အာရာချိ က လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့သည် တီဟီရန်နှင့် အခြားအီရန်မြို့ကြီးများအပေါ် ပူးတွဲတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ကြသည်။ အီရန်ကလည်း တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန်တို့၏ စစ်အခြေစိုက်စခန်းများနှင့် ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားကာ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ခဲ့သည်။

ဇွန် ၁၈ ရက်တွင် အမေရိကန်နှင့် အီရန်တို့သည် ဒေသတွင်းစစ်ပွဲကို ဘက်ပေါင်းစုံမှ အဆုံးသတ်ရေးအတွက်  ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါစာချွန်လွှာအရ နှစ်နိုင်ငံအနေဖြင့် နောက်ဆုံးသဘော တူညီချက်တစ်ခုရရှိနိုင်ရန်အတွက် ရက်ပေါင်း ၆၀ အတွင်း (ဩဂုတ် ၁၇ ရက်တွင် ကုန်ဆုံးခဲ့သောကာလအတွင်း) ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း ပြီးခဲ့သည့်လက နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ယင်းဆွေးနွေးပွဲများ၏ အလားအလာမှာ မရေမရာဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.