ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုမရှိစေရေး၊ အွန်လိုင်းမီတာ လျှောက်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဩဂုတ် ၃၀
တောင်ကြီးမြို့ ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံ၊ ဟိုပုန်းမြို့ ၆၆/ ၃၃ ကေဗွီဓာတ်အားခွဲရုံ၊ ပင်းပက် သံမဏိစက်ရုံအတွင်း တည်ဆောက်မည့် ကျောက်မီး သွေးသုံး ရေနွေးငွေ့ဓာတ်အား ပေးစက်ရုံနှင့် တောင်ကြီးပင်မ ဓာတ်အားခွဲရုံအတွင်း တိုးချဲ့ တည်ဆောက်လျက်ရှိသည့် ၂၃၀/ ၁၃၂ ကေဗွီ ၁၅၀ အမ်ဗွီအေ Switchbay တည်ဆောက်နေမှု အခြေအနေများကို ယမန်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးမီးလင်းရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်တာဝန်များ၊ အွန်လိုင်း မီတာလျှောက်ထားမှုများအတွက် ပြင်ဆင်ထားရှိရမည့် အခြေအနေ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခများ ကောက်ခံရရှိရေး၊ ဌာနဝင်ငွေ တိုးပွားရေးနှင့် တရားမဝင် ဓာတ်အား သုံးစွဲမှုများအား ဖော်ထုတ်ရေး မှာကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၍ အွန်လိုင်းမီတာ လျှောက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ဩဂုတ် ၂၈ ရက်က ပင်လောင်းမြို့နယ် အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ တောင်ကြီးခရိုင်အတွင်းရှိ ဓာတ်အားခွဲရုံများမှ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပေးစက်ရုံ ထိန်းချုပ်ခန်းနှင့် ကျောက်မီးသွေးအခြောက်ခံစက် တို့ကို ကြည့်ရှုစစ်ဆေးပြီး ဧဒင် စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လီမိတက်၏ ကျောက်မီးသွေး တူးဖော်ရေး လုပ်ကွက်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments