ညောင်ဦးမြို့နယ်၌ ရေဘေးရှောင်စခန်းများမှ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်


ညောင်ဦး ဩဂုတ် ၁၂


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ဆက်လက်မြင့်တက် နေပြီး မြစ်ရေဝင်ရောက်နေသည့် မြေနိမ့်ပိုင်း ရပ်ကွက်များမှ အိမ်ထောင်စုများအား ရေဘေး ရှောင်စခန်းများသို့ ပြောင်းရွှေ့ပေးလျက်ရှိကာ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၅၂ စု၊ လူဦးရေ ၅၉၄ ဦးတို့ကို ဆန်ရိက္ခာနှင့် ငွေကျပ် ၂၉ သိန်းကျော် ထောက်ပံ့ပေးအပ်သည်။


ရေဘေးရှောင်စခန်း ဖွင့်လှစ်ထားရှိသည့် အမှတ်(၁) ဆုတောင်းပြည့်ဘုရားဓမ္မာရုံ၊ အမှတ်(၂) ယွန်းတန်းဓမ္မာရုံ၊ အမှတ်(၄) ရှစ်မျက်နှာကျောင်းဓမ္မာရုံ၊ အမှတ်(၅) မြသိန်းတန်ဓမ္မာရုံ၊ အမှတ်(၇) မြသိန်းတန် ဘုရားဓမ္မာရုံများရှိ ယာယီရေဘေးရှောင် ပြည်သူများအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက  ကြည့်ရှုအားပေးကြပြီး ထောက်ပံ့ ပေးအပ်သည်။


ဆက်လက်၍ ဧရာဝတီမြစ်ရေဝင်ရောက် လျက်ရှိသည့် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၄)၊ အမှတ်(၅)နှင့် အမှတ်(၇)ရပ်ကွက်တို့ရှိ ရေဝင် ရောက်ရာနေရာများ၊ သာယာဝတီစက်လှေ ဆိပ်၊ ဧရာစက်လှေဆိပ်နှင့် လောကနန္ဒာဘုရားသွား ကားလမ်းရေကျော်မှု ရှိ၊ မရှိတို့ကို ကြည့်ရှု စစ်ဆေးသည်။


အလားတူ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

No comments

Powered by Blogger.